တန့်ယန်းမြို့နယ် ကံဝိန်းပရိယတ္တိစာသင်တိုက်တွင် စုပေါင်းရှင်ပြုပွဲအား ခြိမ့်ခြိမ့်သဲကျင်းပ

တန့်ယန်း ဧပြီ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် နှစ်စဉ် တပေါင်း၊ တန်ခူးလတို့၌ ရှမ်းတိုင်းရင်းသားတို့၏ သားရတနာများကို သာသနာ့ဘောင်အတွင်းထည့်သွင်းသည့် စုပေါင်းရှင်ပြုအလှူတော်မင်္ဂလာပွဲများကို ခြိမ့်ခြိမ့်သဲ ပျော်ရွှင်ကြည်နူးစွာဖြင့် ဘုန်းတော်ကြီးကျောင်းများ၌ကျင်းပလေ့ရှိရာ ကံဝိန်းပရိ ယတ္တိစာသင်တိုက် တွင် ဧပြီလ ၃ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။

ထိုသို့ ကျင်းပကြရာတွင် တစ်ဦးချင်း အနေနှင့်သော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း လှူဒါန်းကျင်းပလေ့ရှိရာ အလှူရှင်များက ဘုရားကျောင်းကန်အနီး သာယာပြန့်ပြူးသောနေရာတို့တွင် ယာယီအလှူမဏ္ဍပ်များ ဆောက်လုပ်၍ မဏ္ဍပ်၏အလယ်နေရာတွင် ရုပ်ပွားတော်များ၊ လှူဒါန်းဖွယ်ရာပစ္စည်းများကို လှပတင့်တယ်စွာ ပြင်ဆင်ထားရှိပြီး ရာဇမတ်ကာခြင်း၊ ငှက်ပျောပင် ကြံပင်များဖြင့် အလှဆင်ခြင်းတို့ကို အလှူပွဲမတိုင်မီကပင် ကြိုတင်ဆောင်ရွက်ကြသည်။

အလှူပွဲများကို တတ်နိုင်လျှင်တတ်နိုင်သလို သုံးရက်၊ ငါးရက်၊ ခုနှစ်ရက်တိုင် အလှူဝင်ခြင်း၊ အလှူပွဲ ရက် ရှင်လောင်းလှည့်ခြင်း၊ ဧည့်ခံကျွေးမွေးခြင်း လှူဒါန်းရေစက်ချခြင်း စသည်တို့ကို ကျင်းပလေ့ရှိပြီးရပ်ဝေးမှ လာရောက်ကြသော ဧည့်ပရိတ်သတ်များအား တည်းခိုစားသောက်ရေးအားလုံးကို အလှူရှင် များက တာဝန်ယူ ဆောင်ရွက်ပေးကြသည်မှာ ချစ်စရာဓလေ့ဖြစ်သည်။

အလှူရေစက်ချမည့်နေ့တွင် အလှူမဏ္ဍပ်သို့ ဘုန်းတော်ကြီးများအား ပင့်ဖိတ်၍ ရှင်လောင်းများအား သာမဏေအဖြစ် သင်္ကန်းစည်းပေးကြကာ ဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့် ရှင်သာမဏေများကို လှူဖွယ်ရာပစ္စည်းများဖြင့် လှူဒါန်းရေစက်ချကြသည်။

ထိုသို့ ခြိမ့်ခြိမ့်သဲ ကျင်းပသည့် စုပေါင်းရှင်ပြု အလှူတော်မင်္ဂလာပွဲတော်ကြီးမှာ “တမူးရလို့ တပဲလှူ” ဆိုသည့် ဆိုရိုးစကားအတိုင်း ရှမ်းတိုင်းရင်းသားတို့၏ လေးစားတန်ဖိုးထား ချစ်မြတ်နိုးစရာ ဓလေ့ဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)