အောင်မြင့်မိုရ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် (မီးလင်းရေးလုပ်ငန်း) ၄၀၀ ဗို့အား လိုင်းသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကွင်းဆင်းစစ်ဆေး

တောင်သာ ဧပြီ ၄

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အလုပ်အကိုင်အခွင့်အလမ်းနှင့်  မိသားဝင်ငွေ တိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ အတိုးရငွေဖြင့် မီးလင်းရေးလုပ်ငန်း ဖြစ်သည့် ကျေးရွာတွင်း ၄၀၀ ဗို့အားလိုင်း လျှပ်စစ်မီးကြိုးသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အောင်မြင့်မိုရ်ကျေးရွာ၌ မီးလင်းရေးလုပ်ငန်းဖြစ်သည့် ၄၀၀ ဗို့အားလိုင်း လျှပ်စစ် မီးကြိုးသွယ်တန်းခြင်းလုပ်ငန်းတွင် အရှည်ပေ ၄၉၀၀ ပေ မီးကြိုးသွယ်တန်းထားရှိမှု မီးတိုင်များ စိုက်ထူပြီး အောက်ခြေ Footing ကွန်ကရစ်လောင်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်မှာကြားခဲ့ပြီး ကျေးရွာမီးလင်းရေး ကော်မတီဝင်များကိုလည်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ပြီးလုပ်ငန်းများကို  ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အောင်မြင့်မိုရ်ကျေးရွာ၊ ရွာတွင်း ၄၀၀ ဗို့အားလိုင်း လျှပ်စစ်မီးကြိုးသွယ်တန်းခြင်း လုပ်ငန်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ (၁၀) သန်း၊ ပြည်သူထည့်ဝင်ငွေ (၉.၁၃၃၅) သန်း၊ စုစုပေါင်း (၁၉.၁၃၃၅) သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ လုပ်ငန်းအားလုံး ရာနူန်းပြည့်ပြီးစီးသဖြင့် အိမ်ခြေ (၈၉) အိမ်၊ လူဦးရေ (၃၀၄) ဦးအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရေး အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ထံမှသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)