ကွတ်ခိုင် ဧပြီ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် စာအုပ်၊ စာပေချစ်မြတ်နိုးသူများတိုးပွားလာစေရန်အတွက် စာပေဝါသနာရှင် (Book club) (Woman club) အသင်းဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲအား ယမန်နေ့ နေ့လယ်(၁:၃၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ စာဖတ်ဝိုင်းတွင် ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ် ဌေးဌေးဝင်းက စာပေဝါသနာရှင်များ၊ စာဖတ်ဝါသနာရှင်များ တိုးပွားလာစေရန်၊ စာအုပ်စာစောင်များမှ ရရှိလာသည့် ဗဟုသုတများအား စာဖတ်သူအချင်းချင်း ချစ်ခင်ရင်းနှီးစွာ နှီးနှောဖလှယ်နိုင်စေရန်နှင့် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် (Book club) (Women Club) အသင်းသူ/သားများမှတဆင့် ပြည်သူများထံသို့ ဗဟုသုတများ ပြန်လည်မျှဝေပေးနိုင်ကြစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူ (Book Club) (Women Club) အသင်းသူ/သားများက စာရေးဆရာမ ခင်စောတင့်၏ “ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်” စာအုပ်ဖြင့် စာဖတ်သူအချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြရာ (Book club)အသင်းမှ ဦးလွမ်းခေါင်က အခန်း(၂)မှ “ဆုံးဖြတ်ဖို့ခက်နေမယ်ဆို” ခေါင်းစဉ်ထဲမှ တိကျပြတ်သားရန် နည်းလမ်းများဖြစ်သည့် “သေးငယ်တဲ့ နေ့စဉ်ဆုံးဖြတ် ချက်တွေကို ကျင့်သုံးပါ၊ အကျိုးဆက်တွေကို လက်ခံပြီး ပုံဖော်လုပ်ဆောင်ပါ၊ မိမိရဲ့ဆုံးဖြတ်ချက်ကို ယုံကြည်ပါ၊ ဆုံးဖြတ်ပြီးရင် လှည့်မကြည့်ပါနဲ့တော့၊ ဆုံးဖြတ်ချက် မှားသွားမှာကို စိုးရိမ်နေတာကို ဆန့်ကျင်တိုက်ထုတ်လိုက်ပါ၊ ဘဝဆိုတာ ဆုံးဖြတ်ချက်တွေနဲ့ပြည့်နေတယ်၊ တချို့ကတော့မှားဖို့ သေချာပါတယ် ဒါပေမဲ့ မှန်တာတွေလည်း အများကြီးရလာပါလိမ့်မယ်” စသည့်အချက်များကို အကျယ်တဝင့်ဆွေးနွေးသွားပြီးနောက် (Book Club)အသင်းမှ ဦးကျော်လင်းထွန်းက အခန်း(၃) မှ “နေရာတိုင်းမှာ စိတ်ဝင်စားစရာလူတွေရှိပါတယ်” ခေါင်းစဉ်ထဲမှ “လူတွေနဲ့ဆက်ဆံရေးကောင်းဖို့နည်းလမ်းများဖြစ်သည့် တစ်ဖက်လူရဲ့ ဘဝဇာတ်ကြောင်းကို နားထောင်ပါ၊ တစ်ဖက်လူရဲ့ ဘဝဇတ်ကြောင်းကို အပြည့်အဝကို နားထောင်ပါ၊ တစ်ဖက်လူရဲ့ ဘဝဇတ်ကြောင်းကို အရင်နားထောင်ပါ” စသည့်အချက်များကို အကျယ် တဝင့် ဆွေးနွေးသွားကြောင်း သိရပါသည်။ ထို့နောက် စာဖတ်သူအချင်းချင်း မိမိတို့ဖတ်ရှုထားသည့် အကြောင်းအရာများကိုလည်း အပြန် အလှန်ဆွေးနွေးသွားကြကြောင်း သတင်းရရှိပါသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)