ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ကျောက်မဲ ဧပြီ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူ ကျောင်းသား/သူများ ပူးပေါင်း၍ ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ်(၅)တွင်ပါဝင်သော စာရေးဆရာ ရွှေရောင်ဝင်းဝါရေးသားထားသည့် "ပညာကိုမြတ်နိုးတတ်သော" ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းခင်မြတ်ဝါက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊  စာပေမှရရှိသည့် ဗဟုသုတများကို အပြန်အလှန်ဆွေးနွေးစေရေးအတွက် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းတွင် မမြသွန်းခင်ခင်က "ကိုယ်ကျင့်တရားပတ်ဝန်းကျင်လူသားချင်း ထောက်ထားစာနာတတ်တဲ့မေတ္တာတရား" အကြောင်းကိုလည်းကောင်း၊ မကြည်ဖြူလွင်က "ပညာဟူသော်ကား အကျိုးအကြောင်းအကောင်းအဆိုးအကျိုးအပြစ်၊ တရားခြင်း၊ မတရားခြင်း မှန်ခြင်း၊ မှားခြင်းအကျိုးရှိခြင်း၊ အကျိုးမဲ့ခြင်း" အကြောင်းကိုလည်းကောင်း အသီးသီးဖတ်ကြားခဲ့ကြပြီး တက်ရောက်လာကြသော ကျောင်းသား/သူများကလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်းကို ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်မားစေရေးအတွက် စာပေချစ်သူများနှင့် လစဉ်စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)