တပ်ကုန်း ဧပြီ ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်မြို့ရှေ့ စန္ဒာရုံကျောင်းတိုက် ဦးစီးပဓာန နာယက၊ မြို့နယ်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဘဒ္ဒန္တစန္ဒာသီရိ ဆရာတော်ဘုရားကြီးထံ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်+ဒေါ်မေမြင့်မောင် မိသားစုက ဆက်ကပ်လှူဒါန်းသော ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော် ၉၈ ဆူအား မြို့နယ်အဆင့်တာဝန်ရှိသူများက လွှဲပြောင်းလှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲက အဆိုပါကျောင်းတိုက်ရှိ သာသနဝိသောဓနီသိမ်တော်တွင် ကျင်းပသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးနိုင်လင်း၊ အဖွဲ့ဝင်(၂)ဒေါက်တာခင်မောင်ထွန်း၊ အဖွဲ့ဝင်(၃)မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူး ဦးထွန်းထွန်းမင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦးနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မြို့နယ်ဥပတ္ထမ္ဘကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ပြီး၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက် ဦးစီးပဓာန နာယက၊ မြို့နယ်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တစန္ဒာသီရိထံ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်+ဒေါ်မေမြင့်မောင် မိသားစုမှဆက်ကပ်လှူဒါန်းသော ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော် ၉၈ ဆူအား တာဝန်ရှိသူများ ဆက်ကပ်လှူဒါန်းပေးခဲ့သည်။
အဆိုပါလှူဒါန်းမှုအား မြို့ရှေ့စန္ဒာရုံကျောင်းတိုက် ဦးစီးပဓာနနာယက၊ မြို့နယ်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တစန္ဒာသီရိက ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်လှူဒါန်းခြင်း အနုမောဒနာတရားဟောကြားခဲ့ပြီး၊ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး၊ ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များကို ဘဒ္ဒန္တစန္ဒာသီရိ ဆရာတော်ဘုရားကြီးက မိတ္ထီလာမြို့နယ်အတွင်း ကုန်းတန်းကြီးကျေးရွာ၊ အလယ်ကုန်းကျေးရွာ၊ ကျောင်းရွာကျေးရွာ၊ ပျော်ဘွယ်မြို့နယ်အတွင်းရှိ လက်ပံဒိုင်းကျေးရွာ၊ ဆည်ရွာကျေးရွာ၊ ဥသျှစ်ကုန်းကျေးရွာ၊ ချိုင်းရွာကျေးရွာ ပြည်သူများပူဇော်နိုင်ရန်အတွက် ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်