ဇေယျာသီရိ ဧပြီ ၄
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပါဠိပထမပြန်စာမေးပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်၊ ရတနာစံကျောင်းတိုက်ရှိ ရတနာဘိမတဗိမာန်တော်၌ မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့ထိ ကျင်းပခဲ့ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်းတွင်၊ ပထမလတ်တန်း၊ ပထမငယ်တန်းနှင့် အခြေပြုမူလတန်းတွင် ရဟန်း၊ သာမဏေ၊ လူပုဂ္ဂိုလ်များက မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ဒွေမာတိကာဘာသာ၊ ဘိက္ခုပါတိမောက်ဘာသာ၊ ဝိနည်းကျင့်ဝတ်၊ သုကုမာရမဂ္ဂဒီပနီ၊ ကစ္စည်းသဒ္ဒါကြီး၊ အဘိဓမ္မတ္ထသင်္ဂဟ၊ အဘိဓာန်၊ အလင်္ကာ၊ ဆန်း၊ သုတ္ထန္တိကမာတိကာနှင့် ဓာတုကထာ၊ တိကမာတိကာ၊ ဒုကမာတိကာ၊ ယမိုက်အထက်(၅)ကျမ်း၊ ဘာသာပြန်ဘာသာ၊ ပဋ္ဌာန်းကုသလတိက် ဘာသာရပ်များကို ဖြေဆိုခဲ့သည်။
ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုရာတွင် စာမေးပွဲကြီးကြပ်ရေး ဆရာတော်ကြီးများ၊ စာမေးပွဲကျင်းပရေး ဦးစီးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်၊ မြို့နယ်သာသနာရေးဦးစီးမှူး ဦးဝေဖြိုးအောင်နှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး စာမေးပွဲကာလအတွင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင်၊ အလှူရှင်များက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကို အလှည့်ကျဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)