ဘူးသီးတောင်မြို့၌ အစိုးရ ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

ဘူးသီတောင် ဧပြီ ၃

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် ၂၀၂၂ ခုနှစ်အစိုးရပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသော အခြေခံမူလတန်း(၃)ပါးနှင့် ပထမကြီးတန်း(၃)ပါးစုစုပေါင်း(၆)ပါးတို့အား စာအောင်ဆုနှင့် ဂုဏ်ပြုချီးမြှင့်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ဘူးသီးတောင်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော်သံဃာတော်များနှင့် ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ပြီး ဖွင့်လှစ်ပေးကြပြီး အေးစေတီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောမထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

၎င်းနောက် ဆရာတော် သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်ချီးမြှင့်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းက သာသနာတော်ဆိုင်ရာများ လျှောက်ထားကာ ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များက နိုင်ငံတော်မှချီးမြှင့်သည့် စူဠဘွဲ့အောင်လက်မှတ်နှင့် စာအောင်ဆုအလှူတော်ငွေများအား စာအောင်သံဃာတော်များထံဆက်ကပ်လှူဒါန်းခဲ့ကြကာ ပင့်သံဃာတော်များအား နဝကမ္မဝတ္ထုငွေများဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။

ထို့နောက် အောင်မင်္ဂလာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောဘိတက ဝမ်းမြောက်အနုမောဒနာသြဝါဒကထာ မိန့်ကြားကာ မြို့နယ်သံဃာနာယကအဖွဲ့(ဥက္ကဋ္ဌ) ဘဒ္ဒန္တဝါရိန္ဒက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအနုမောဒနာတရားတော်ဟောကြားချီးမြှင့်ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွက်ဆိုဆုတောင်း၍ စူဠဘွဲ့အောင် လက်မှတ်ဆက်ကပ်ပွဲမင်္ဂလာအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီး တင်မိုးအောင်နှင့်အဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးအသင်း အဖွဲ့ဝင်များ၊ မြို့မိ/မြို့ဖများ စုစုပေါင်းအင်အား(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

လှကျော်(ပြန်/ဆက်)