ကျိုင်းတုံ ဧပြီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းအင်းကျေးရွာအုပ်စု၊ မာဟီးတတ်(၁) ကျေးရွာ တွင် တောမီးမှတစ်ဆင့် ကူးစက် မီးလောင်ဆုံးရှုံးခဲ့သည့် အိမ်ခြေ(၅)အိမ်မှ မီးဘေးသင့် အိမ်ထောင်စုဝင်များကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများက ယနေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်ဝင်းနှင့် တာဝန်ရှိသူများက မာဟီးတတ် (၁) ကျေးရွာတွင် ဧပြီလ ၁ ရက် က တောမီးလောင်ရာမှတစ်ဆင့် သက်ကယ်မိုး၊ ဝါးကပ်ကာ၊ ဝါးကပ်ခင်း နေအိမ်(၅)လုံး ကူးစက် မီးလောင်ဆုံးရှုံးကာ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၅)စုအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ ဆန်ရိက္ခာများ စုစုပေါင်းတန်ဖိုးငွေကျပ် (၈၆၅၈၈၀) ကို မီးဘေးသင့်အိမ်ထောင်စုများထံ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
အဆိုပါမီးလောင်ကျွမ်းမှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ပျက်စီးမှုမရှိကြောင်းသိရပြီး ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)