မော်လမြိုင်မြို့၌ လုပ်ငန်းစွမ်းဆောင်မှု ဆုရရှိသည့်မြို့နယ်များအား ဆုချီးမြှင့်ခြင်းနှင့် (၆)လသင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

မော်လမြိုင် ဧပြီ  ၃

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၂၀၂၃ ခုနှစ် ပြည်နယ်အဆင့် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းစွမ်းဆောင်မှု ဆုရရှိသည့်မြို့နယ်များအား ဆုချီးမြှင့်ခြင်းနှင့် ဆေးဘက်ကျွမ်းကျင်(၄)(ဓါတ်မှန်/ဆေးစပ်)၊ စိစစ်ရေးမှူး(၄)(ဆေးမှတ်တမ်း)များ (၆)လသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဠာနဆိုင်ရာတာဝန်ရှိသူများ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကျန်းမာရေးဝန်ကြီးဌာနသည် “လူတိုင်း သက်တမ်းစေ့... အသက် ရှည်စွာနေနိုင်ရေး”နှင့် “လူတိုင်း ရောဂါဘေးကင်းဝေးရေး” ကျန်းမာရေး ရည်မှန်းချက်ပြည့်မီစေရေးအတွက် နိုင်ငံတော်၏အမျိုးသားကျန်းမာရေး မူဝါဒကိုအကောင်အထည်ဖော်ရာတွင် အမျိုးသားကျန်းမာရေးစီမံကိန်းကိုရေးဆွဲ၍ ပြည်သူလူထု၏ ကျန်းမာရေးအတွက် ကျန်းမာရေးအဆင့်မြှင့်တင်ရေး၊ ကြိုတင်ကာကွယ်ရေး၊ ရောဂါကုသရေးနှင့် ကျန်းမာမှုပြန်လည် ထူထောင်ရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်အသီးသီးမှ ဆောင်ရွက်ထားသော မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ရောဂါနှိမ်နှင်းရေးလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်း၊ ဆေးဝါးဝယ်ယူဖြန့်ဖြူးရေးလုပ်ငန်း၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုလုပ်ငန်းများမှ ထွက်ပေါ်လာသော ရလဒ်များအပေါ်မူတည်၍ လုပ်ငန်းစွမ်းဆောင်မှု အခြေအနေကို မြို့နယ်များအား အဆင့်အလိုက် သတ်မှတ်ပေးခဲ့ပြီး ဆေးရုံများ၏ ဆေးကုသမှု အထောက်အကူပြုလုပ်ငန်းများ ယခင်နှစ်ထက် ပိုမိုတိုးတက်လုပ်ဆောင်နိုင်တော့မှာဖြစ်ကြောင်း၊ သင်တန်းသား/သူတို့အနေဖြင့် သင်တန်းမှ သင်ကြားလိုက်သော သင်ခန်းစာများကို မွန်ပြည်နယ်ရှိ ပြည်သူလူထု၏ အကျိုးအတွက် တိတိကျကျလက်တွေ့ အသုံးချလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သင်တန်းများရဲ့ အကျိုးရလဒ်များကို လက်တွေ့ရရှိမှာဖြစ်ပြီး သင်တန်းဆင်းပြီး မိမိတို့တာဝန်ကျရာဌာနသို့ ရောက်ရှိ ပါကလည်း လုပ်ငန်းတာဝန်များအား “Sense of ownership” ရှိစွာဖြင့် မိမိ၏ ကိုယ်ပိုင်အရေးကိစ္စလို သဘောထားပြီး စေတနာထား ဆောင်ရွက်ပေးကြရန်၊  ပြည်သူလူထု တစ်ရပ်လုံး၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားလာစေရေးအတွက် ယခုအသစ်ခန့်အပ်ထားသော သင်တန်းသား/သူများ အပါအဝင် ကျန်းမာရေးဝန်ထမ်းများအားလုံး ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးအပြည့်အဝပေးခြင်းဖြင့် ပြည်သူလူထုကို မိမိတို့တတ်နိုင်တဲ့ဘက်က အထူးဂရုစိုက်ပြီး ဆောင်ရွက်ကြပါလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်အဆင့် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းစွမ်းဆောင်မှု ဆုရရှိသည့်မြို့နယ်များ၊ ဆေးဘက်ကျွမ်းကျင်(၄)(ဓါတ်မှန်)၊ ဆေးဘက်ကျွမ်းကျင်(၄)(ဆေးစပ်)၊ စိစစ်ရေးမှူး(၄)(ဆေးမှတ်တမ်း)တို့တွင် ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး တက်ရောက်လာသူများနှင့် ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)