ကျောက်တော် ဧပြီ ၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပသည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်တော်မူကြသော ရဟန်း/သာမဏေများအား ဘွဲ့လက်မှတ်အဆောင် အယောင်နှင့်စာအောင်လက်မှတ်ဆက်ကပ်ခြင်း (စူဠဘွဲ့နှင်းသဘင်) အခမ်းအနားကို ယနေ့ နံနက် (၈)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကစ္ဆပနဒီခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာအခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ (ဥက္ကဋ္ဌ) က သစ်တောကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တသောဘန(မဟာသဒ္ဒမ္မဇောတိကဓဇ)ထံမှ ဧည့်ပရိသတ်များက (၅)ပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့(ဥက္ကဋ္ဌ) ဦးကျော်စွာညွန့်က သာသနာရေးဆိုင်ရာများအား လျှောက်ထားခဲ့သည်။ ဆက်လက်၍ ၂၀၂၂ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်တော်မူကြသော စာချတန်းအောင် သာသနာဓဇဓမ္မာစရိယ(၁)ပါး၊ ပထမပြန်စာအောင် အကြီးတန်း(၁) ပါး၊ မူလ တန်း(၃)ပါးတို့ကို ဘွဲ့လက်မှတ် အဆောင်အယောင်နှင့် နှင့်အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပြီး ပင့်သံဃာတော်များအား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ပြီးနောက် မြို့နယ်သံဃနာယကအဖွဲ့(ဥက္ကဋ္ဌ)၊ ကသစ်တောကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသောဘန (မဟာသဒ္ဓမ္မဇောတိကဓဇ)ဆရာ တော်ထံမှ အနုမောဓနာ တရားချီးမြှင့်ပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်ချအမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ မြို့နယ်သံဃာ့နာယကဆရာတော်ကြီးများ၊ အစိုးရပါဠိပထမပြန်စာမေး ပွဲကြီးကြပ်ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဥပဌာက အဖွဲ့ဝင်များ၊ မြို့မိ/မြို့ဖများ၊ အလှူရှင်များတက်ရောက်ကြကြောင်း သိရသည်။
ခင်မောင်ထွန်း