တန့်ယန်း ဧပြီ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၂-ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ဖြေဆို အောင်မြင်တော်မူခဲ့ကြသော ရဟန်း၊ သာမဏေ၊ သီလရှင်များအား စာအောင်ဂုဏ်ပြုဆုနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မဟာမြတ်မုနိဘုရားကြီးကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင်လှစ်ကာ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကောလိယထံမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ငါးပါးသီလ ခံယူ ဆောက်တည်ကြသည်။
ယင်းနောက် အစိုးရပါဠိပထမပြန်စာမေးပွဲ ကြီးကြပ်ရေး ဆရာတော်ကြီးများအား လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းကာ ၂၀၂၂-ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ဖြေဆို အောင်မြင်တော်မူခဲ့ကြသော ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၃၃)ပါးအား စာအောင်ဂုဏ်ပြုဆုနှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး နေ့ဆွမ်းကို ဘုရားကြီးကျောင်းတိုက် ဆွမ်းစားဆောင်၌ ဆက်ကပ်ခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)