ကွတ်ခိုင် ဧပြီ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းက နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူကလေးများအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာတိုးတက်လာစေရန်၊ အတွေးအခေါ်များမြင့်မားလာစေရန်၊ စာဖတ်စွမ်းရည်တိုးတက်လာစေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်၍ စာကြည့်တိုက်ကိုအသုံးပြုတတ်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကို ကလေးစာဖတ်ခန်းနှင့် (Community Centre)ခန်းမ၌ ဦးစွာကျင်းပခဲ့ပြီး ထို့နောက်မှ စာဖတ်ဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကာယအားကစားများဖြစ်သည့် ဘောလုံးပစ်ပြိုင်ပွဲ၊ ခါးလှည့်ကွင်းလှည့်ပြိုင်ပွဲနှင့် ခြေဖဝါး၊ လက်ဖဝါးထောက်ပြိုင်ပွဲများကို (Community Centre)ခန်းမတွင်ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ(၃၀)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်တရလက်ဆောင်ပေးခဲ့ကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)