ပုဗ္ဗသီရိ ဧပြီ ၃
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်ရှိ ချမ်းမြေ့ဓမ္မာရုံ၌ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားသို့ မရှိခဏဓမ္မရောင်ခြည်ကျောင်းတိုက် ဆရာတော် ဉူးတိက္ခာစာရ(ဓမ္မစရိယ)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့များ၊ စေတနာရှင်၊ အလှူရှင်များ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာသူများက "နမောတဿ" သုံးကြိမ်ရွတ်ဆို ကန်တော့၍ မရှိခဏဓမ္မရောင်ခြည်ကျောင်းတိုက် ဆရာတော် ဉူးတိက္ခာစာရ(ဓမ္မစရိယ)ထံမှ ငါးပါးသီလခံယူဆောက်ခဲ့ပြီး နဝဒေးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်တာမှ ကျေးဇူးတင်စကားပြောကြားကာ အလှူဝတ္ထုငွေများ လှူဒါန်းခဲ့သည်။ ဆက်လက်၍ သင်တန်းဆရာ၊ ဆရာမများ၊ အလှူရှင်၊ စေတနာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများအား တာဝန်ရှိသူများက အသီးသီး ပေးအပ် ချီးမြှင့်ခဲ့သည်။
ထို့နောက် မရှိခဏဓမ္မရောင်ခြည်ကျောင်းတိုက် ဆရာတော် ဉူးတိက္ခာစာရ(ဓမ္မစရိယ)ထံမှ သင်တန်းဆင်းသြဝါဒကထာ မိန့်ကြားခဲ့ပြီး ရေစက်သွန်းချအမျှပေးဝေ၍ "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါသင်တန်းကို နဝဒေးရပ်ကွက်မှ ကျောင်းသား/သူ ပေါင်း ၈၆ ဦး တက်ရောက်ခဲ့ပြီး၊ သင်တန်းကာလကို မတ်လ ၂၀ ရက်မှ ဧပြီလ ၃ ရက်နေ့ထိ အခြေခံဗုဒ္ဓဘာသာရပ်၊ ယဉ်ကျေးခြင်းဆိုင်ရာနှင့် သုံးဆယ်ရှစ်ဖြာမင်္ဂလာ၊ သိင်္ဂါလောဝါဒဆုံးမစာ၊ ဗုဒ္ဓဝင်အကျဉ်း၊ ဘုရားရှိခိုး အမျိုးမျိုးတို့အား သင်ကြားပေးခဲ့ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)