ပေါင် ဧပြီ ၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကာ မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show)အစီအစဉ်ကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre)ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက(Talk Show)ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သထုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြိုးမို့အောင်နှင့် လက်ထောက်ဦးစီးမှူး ဒေါ်တင်တင်အေးတို့က တောမီးနှင့် အခြားမီးများကြောင့် ဖြစ်ပေါ်လာရသည့် မီးခိုးမြူငွေ့များနှင့် တောမီးလောင်မှု အရေအတွက်များပြားခြင်းကို လျှော့ချနိုင်ရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာများကိုလည်းကောင်း၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှုကိုဖြစ်ပေါ်စေသည့် အခြားအကြောင်းအရာများနှင့်ဆိုးကျိုးများ၊ မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်လာရခြင်းနှင့် လူသားတို့အပါအဝင် သက်ရှိအားလုံးတို့အတွက် ကျန်းမာရေးဆိုးကျိုးများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေး လိုက်နာရမည့်အချက်များစသည့် သိကောင်းစရာတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။
ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာများ တိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများ အကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)