ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အကြောင်း သိကောင်းစရာအသိပညာပေး Talk Show ကျင်းပ

ဒဂုံအရှေ့ ဧပြီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က အသိပညာပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် စာရေးဆရာအသင်း အမှုဆောင်(အဖွဲ့ဝင်)စာရေးဆရာ ဦးလပြည့်ဇင်-လက်ယာ(မေတ္တာတံခွန်)က မြန်မာ့တို့၏ ဆယ့်နှစ်လရာသီတွင် တစ်ခုအပါအဝင်ဖြစ်သော တန်ခူးလသည် သင်္ကြန်ပွဲတော်ဖြစ်၍ မြန်မာ့ရိုးရာပွဲတော်လည်းဖြစ်ရာ သင်္ကြန်ဆိုသောအဓိပ္ပာယ်သည် နှစ်ဟောင်းကုန်၍ နှစ်သစ်ကိုကူးပြောင်းခြင်းဖြစ်ရာ သင်္ကြန်ပွဲတော်တွင် ရေကစားခြင်း၊ ရေဆိုသည်မှာ ကြည်လင်အေးမြခြင်း၊ အညစ်အကြေးကို သန့်စင်စေခြင်းတို့ကြောင့် စည်းစည်း လုံးလုံးဖြစ်စေရန် တစ်ဦးနှင့်တစ်ဦး ရေလောင်းပက်ဖျန်းကြခြင်း၊ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အား ပျူခေတ်၊ ပုဂံခေတ်မှစ၍ ခေတ်အဆက်ဆက် ဆင်နွှဲခဲ့ကြပုံနှင့် ဒါန၊ သီလ၊ ဘာဝနာဟူသော မင်္ဂလာရှိသောရေများ ပက်ဖျန်းနိုင်ကြပါစေကြောင်း ဆုတောင်းပြောကြား၍ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အကြောင်း သိကောင်းစရာများကို ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါအသိပညာပေး Talk Show ဆွေးနွေးပွဲကို ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ We Love East Dagon Page ၊ မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်စာရေးဆရာအသင်း Facebook Page တို့တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲမင်းထက်