ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကိုယ်စားပြု အသက် ၁၅ နှစ်အောက် လက်ရွေးစင်ဘော်လုံးအသင်းကစားသမားများ စတင်ရွေးချယ်

ကျိုင်းတုံ ဧပြီ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အားကစားကဏ္ဍ၌ ထူးချွန်သော ဒေသခံလူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အသက်(၁၅)နှစ်အောက် ဘော်လုံးအသင်းရွေးချယ်ခြင်းကို ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။

ရှေးဦးစွာ ကျိုင်းတုံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ဝင်းက Myanmar Football Federation (FIFA -MFF U-15 YOUTH LEAGUE 2023)  တွင် ပါဝင်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကိုယ်စားပြု လက်ရွေးစင်ဘော်လုံးအသင်းလူရွေးချယ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းခရိုင်နှင့် မိုင်းဆတ်ခရိုင်တို့၏ အသင်းတာဝန်ခံ အသင်းနည်းပြတို့က လက်ရွေးစင်ဘော်လုံးအသင်း လူရွေးချယ်ခြင်း စည်းမျဉ်းစည်းကမ်းနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ဝင်းက လိုအပ်သည်များကို ပြန်လည် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းခရိုင်နှင့် မိုင်းဆတ်ခရိုင်တို့မှ ခရိုင်အလိုက် (၃-၄-၂၀၂၃) နေ့မှ (၇-၄-၂၀၂၃) ရက်နေ့အထိ ယှဉ်ပြိုင်ကာ အနိုင်ရရှိသော အသင်းမှ ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကိုယ်စားပြု လက်ရွေးစင်ဘော်လုံးအသင်းအဖြစ် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းရွှေအောင်(ပြန်/ဆက်)