နောင်ချို ဧပြီ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် စာအောင်သံဃာတော်များအား စူဌဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က တောင်ရပ်ကွက်၊ ဟော်တော်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ရွှေတံဆိပ်(၆)ဆုရှင် လူမှုထူးချွန်တတိယအဆင့် ရေဒီယိုအဆိုကျော် မြင်းမူမသန္တာမှ “ထူးမခြားနား” သီချင်းဖြင့် သီဆိုပူဇော်ခဲ့သည်။ ထို့နောက် ပြည်နယ်သံဃာ့ဝန်ဆောင် ဆရာတော် ဘဒ္ဒန္တဝါသေဌထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီးနောက် ဆရာတော်ထံမှ ဩဝါဒကထာနာယူ ကြည်ညိုခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူလင်းက သာသနာရေးဆိုင်ရာများလျှောက်ထားပြီး စာအောင်သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား အောင်လက်မှတ်များနှင့် စာအောင်ဆုများကို အမှတ်(၉၀၂) အမြှောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မမှူး ဗိုလ်မှူးကြီးနိုင်ဝင်းနှင့် တပ်ရင်း၊ တပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူလင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆက်ကပ်ခဲ့ကြကာ ဆရာတော် အရှင်သူမြတ်များအားနဝကမ္မနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထိုနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး “ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသော (၂၉)ကြိမ်မြေက် နိကာယ်စာမေးပွဲအုပ်စု(၅) အင်္ဂုတ္တရနိကာယ (သုတ္တန္တတိပိဋက) အင်္ဂုတ္တရနိကယ်သုံးကျမ်းအောင်(၁)ပါး၊ အခြေပြမူလတန်းအောင်(၃၅)ပါး၊ ပထမငယ်တန်းတွင်(၁)ပါး၊ ပထမလတ်တန်းတွင်(၄)ပါး၊ စုစုပေါင်း(၄၁)ပါးအောင်မြင်ခဲ့ကြကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)