ဟိုပန်မြို့နယ်တွင် အသက်(၂)လမှ တစ်နှစ်ခွဲထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ဟိုပန် ဧပြီ ၃

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် အသက်(၂)လမှ တစ်နှစ်ခွဲအတွင်းရှိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းကို ယနေ့နံနက်(၉) နာရီကဟိုပန်မြို့၊ ရုံးကုန်းရပ်ကွက်ရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ပုံမှန်ကာကွယ်ဆေးထိုးနှံရာတွင် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နွေမိုးအေး၊ ခရိုင်၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းကာ ကလေးငယ်များအား ကာကွယ်ဆေးမထိုးနှံမီ အသက်အလိုက်သတ်မှတ်ပေါင်ချိန် ပြည့်မီခြင်းရှိ/မရှိ၊ ကာကွယ်ဆေးထိုးမှတ်တမ်းများ၊ ကာကွယ်ဆေးထိုးနှံခြင်းမရှိသေးသည့် ကလေးငယ်များအားမွေးစာရင်းများ စသည့်အချက်အလက်များအား တိုက်ဆိုင်စစ်ဆေး၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကာ သက်ဆိုင်ရာ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခဲ့ကြသည်။

၎င်းအပြင် ဥက္ကဋ္ဌ ဒေါ်နွေမိုးအေးနှင့် အဖွဲ့ဝင်များက ကာကွယ်ဆေးလာရောက်ထိုးနှံသည့် မိဘပြည်သူများအား ကလေးငယ်များကို အသက်အလိုက်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ ကာကွယ်နိုင်သည့် ရောဂါများအကြောင်းနှင့် ကျန်းမာရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပြီး ကလေးငယ်များအတွက် အာဟာရဖြစ်စေရန် ကြက်ဥ၊ ဆန်ပြုတ်ထုတ်နှင့် အိုင်အိုဒင်းဆားထုပ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ဟိုပန်မြို့နယ်အတွင်းရှိ မန်ခွန်၊ မန်ကောင်း၊ ဈေးရပ်ကွက်၊ ပန်လုံလမ်း၊ ကောင်းဟုန်း၊ မန်မိုင်၊ နမ့်လျန်နှင့် ရုံးကုန်းရပ်ကွက် စုစုပေါင်းမြို့ပေါ် (၈)ရပ်ကွက်မှ ကလေးငယ်များ လာရောက်ထိုးနှံလျက်ရှိပြီး ကျန်ရှိသည့် ကလေးငယ်များအား ဧပြီလ(၄)ရက်နေ့တွင် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။

ဇင်ဇင်(ပြန်/ဆက်)