ကွတ်ခိုင်မြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများကို တာဝန်ရှိသူများ စစ်ဆေး ကပ်ထားကြေညာ

 

ကွတ်ခိုင် အောက်တိုဘာ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၌  ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများကို ယမန်နေ့ နံနက် ပိုင်းက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေအထွေရွေးကောက်ပွဲတွင် ကွတ်ခိုင်မြို့နယ်၌ မဲဆန္ဒနယ်  (၁)နှင့် (၂) ဟူ၍ သတ်မှတ်ထားရှိပြီး မဲဆန္ဒနယ်အလိုက် စနစ်တကျ ဆန္ဒမဲပေးနိုင်ရေးအတွက် အောက်တိုဘာလ (၁) ရက်နေ့မှ အောက်တိုဘာလ (၁၄) ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲ ရုံးများ တွင် နောက်ဆုံး ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာသွားမည်ဖြစ်‌ကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်တောင်ဂျာခေါန်က ပြောသည်။

“မဲဆန္ဒရှင်စာရင်း‌တွေကို ကြေညာတဲ့အချိန်မှာ မဲဆန္ဒရှင်‌တွေက မဲစာရင်းမှာ မိမိရဲ့အမည်ပါ/မပါ ကိုယ်တိုင် လာရောက် ကြည့်ရှု စစ်ဆေးဖို့လိုအပ်တယ်၊ မဲစာရင်းမှာ မပါဝင်သင့်သူတွေ ပါဝင်နေတာတွေ ၊ မဲဆန္ဒ ရှင် စာရင်းမှာ အချက်အလက်တွေ မှားယွင်းနေတာတွေရှိရင် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး‌တွေမှာ ပြန်ပြီးဖြည့်စွက်၊ ပယ်ဖျက်၊ ပြင်ဆင်ပေးသွားရမယ်"ဟု ဒေါ်တောင်ဂျာခေါန်က ရှင်းပြသည်။

ကွတ်ခိုင်မြို့နယ်တွင် နောက်ဆုံးအကြိမ် ကပ်ထားကြေညာထားသည့် မဲဆန္ဒရှင်စာရင်းအရ အသက်(၁၈)နှစ် ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ (၁၂၉၇၀၇) ဦးရှိပြီး လျာထားမဲရုံ (၁၃၄)ရုံရှိကြောင်း သိရသည်။

ကိုမိုင်း(ပြန်/ဆက်)