သုံးခွ ဧပြီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် လူငယ်လူရွယ်များ စကားပြောစွမ်းရည်တိုးတက်လာစေရန်၊ လူအများအရှေ့တွင် ပြောရဲဆိုရဲသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ မြန်မာရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတတ်စေရန်၊ မှတ်ဉာဏ်စွမ်းရည်မြင့်မားစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာများပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉:၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်တင်တင်ထွေးက မျိုးဆက်သစ်လူငယ်များ အသိပညာတိုးပွားစေရန်အတွက် ယခုလိုပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲများပြုလုပ်ပေးခြင်းဖြင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်း၀င်မှုရှိပြီး စာပေဖတ်ရှုလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားရရှိပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်၊ ဘက်စုံထူးချွန်သည့်လူငယ်များဖြစ်လာစေရန်၊ နောင်တစ်ချိန်နိုင်ငံတော်၏ တာ၀န်များကို ပခုံးပြောင်းထမ်းဆောင်ရမည့်လူငယ်များ လူတော်လူကောင်းများဖြစ်လာစေရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး စာပေဗဟုသုတများတိုးတတ်ရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း ထို့ကြောင့်ယနေ့အခမ်းအနားကို တက်ရောက်လာတဲ့ လူငယ်များအနေဖြင့် တိုင်းပြည်က အားကိုးအားထားရသည့် လူငယ်များဖြစ်အောင် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်စေဖို့အတွက် ကြိုးစားလေ့လာသင်ယူကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူးဒေါ်စန်းစန်းမော်က ကုန်ညွှန်းအမှတ်အသားမပါရှိသည့် အစားအစာများ၊ FDA ၏ ထောက်ခံချက်မရှိဘဲ အများပြည်သူများ သုံးစွဲရန်မသင့်သောအစားအစားများ၊ ဓာတုဆေးဝါးများဖြင့် ပြုလုပ်ထားသော အစားအစားများကိုမစားသုံးရန်ပြောကြားခဲ့သည်။ ထို့နောက် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူးဒေါ်ရီရီအေးက လူငယ်လူရွယ်များအနေဖြင့် ကျောင်းစာအပြင် ဗဟုသုတဖွယ် သုတ၊ ရသစာအုပ်များကို ဖတ်ရှုခြင်းဖြင့်စာပေမှရရှိမည့် အကျိုးရလဒ်ကောင်းများကိုပြောကြားခဲ့သည်။
ယင်းနောက်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တပ်စုမှူး ဦးလင်းနိုင်ထွန်းက ယနေ့ခေတ်လူငယ်များအနေဖြင့် ဖုန်းအသုံးပြုသူများပြားလာသည်နှင့်အမျှ စာပေဖတ်ရှုမှုအားနည်လာတာကို မြင်တွေ့ရသောကြောင့် ယခုတက်ရောက်လာသော လူငယ်များအနေဖြင့် စာပေကိုလေ့လာဖတ်ရှုစေလိုပါကြောင်း စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ များစွာရရှိလာမှာဖြစ်တဲ့အတွက် အားလပ်ချိန်မှာစာဖတ်ဖို့ အချိန်ကိုအကျိုးရှိစွာအသုံးချဖို့ပြောကြားခဲ့သည်။
ထို့နောက်မြို့နယ်ရုံးမှ ပြသထားသော ဗဟုသုတရဖွယ် သုတ၊ ရသစာအုပ်များနှင့်နံရံကပ်စာစောင်များကို စိတ်ပါ၀င်စားစွာလေ့လာ ကြည့်ရှုခဲ့ကြသည်။
စည်သူလင်း ပြန်/ဆက်