လွိုင်လင် ဧပြီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင်(၁၈)ကြိမ်မြောက်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသည့် သံဃာတော်များအား စူဠဘွဲ့နှင်းသဘင် အောင်လက်မှတ်ဆက်ကပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီက လွိုင်လင်မြို့ မင်္ဂလာအနောက်ကျောင်းတိုက်၌ ကျင်းပသည်။
အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ပါသည်။ ထို့နောက် ရတနာမြတ်သူံပါးအား ဩကာသကန်တော့ချိုးဖြင့် ကန်တော့ပြီး လွိုင်လင်မြို့ သာသနာ့ဝိပုလဓါတ်တော် ပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တဒေါက်တာပညာနန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များနာယူကြသည်။ ထို့နောက် လွိုင်လင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ယင်းနောက် ၂၀၂၃ ခုနှစ်၊ (၁၉)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာဖြေပွဲတွင် ကြီးကြပ်ဆရာတော်များအား နဝကမ္မအလှူတော်ငွေများကို ဗိုလ်မှူးကြီးကျော်ဇေမင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆက်ကပ်ကြပြီးနောက် (၁၈)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာဖြေပွဲတွင် အောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်များအား လွိုင်လင်တပ်နယ်မှ ဗိုလ်မှူးကြီး ကျော်ဇေမင်းနှင့်တာဝန်ရှိသူများ သီးခြားအလှူရှင်များမှ အောင်လက်မှတ်နှင့် အလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက်ဓါတ်တော်ဆရာတော်က ဩဝါဒကထာချီးမြှင့်ခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချခြင်းပြုလုပ်ပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီးရပ်နားလိုက်ကြောင်း သိရသည်။ ယင်းနောက် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ (၁၈)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာဖြေပွဲတွင် ပထမကြီးတန်း(၄)ပါး၊ ပထမလတ်တန်း(၅)ပါး၊ ပထမငယ်တန်း(၄)ပါးနှင့် အခြေပြုမူလတန်း(၄၃)ပါး စုစုပေါင်း(၅၆)ပါး အောင်မြက်တော်မူကြပြီး အခမ်းအနားသို့ လွိုင်လင်တပ်နယ်မှ ဗိုလ်မှူးကြီးကျော်ဇေမင်း နှင့်နယ်မြေခံတပ်ရင်းများမှ အရာရှိကြီးများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သီးခြားအလှူရှင်များ တက်ရောက်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)