ပျော်ဘွယ် ဧပြီ ၃
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်လူရွယ်များ အသိပညာဗဟု သုတတိုးပွားစေရန်ရည်ရွယ်၍ လူငယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပခြင်းကို ဧပြီလ(၃)ရက်၊ နံနက်(၉)နာရီက ခင်ကြီးယကျေးရွာ ဘုရားငါးဆူဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်စန်းစန်းကြူက လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက် ဖြစ်သည်နှင့်အညီ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရေး၊ အားလပ်သည့်အချိန်တွင် အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် စာပေလေ့လာဖတ်ရှုတတ်စေရေး၊ မိဘဆရာတို့၏ လမ်းညွှန်မှုကို ခံယူတတ်စေရေးစသည့် အကြောင်းအရာများကို ဆွေးနွေးဟောပြောသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာများ၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာများ၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းတို့ကြောင့်ဖြစ်လာမည့် အန္တရာယ်များ စသည့်အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကိုပြသထားရာ ကျေးရွာအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)