သာစည်မြို့နယ်တွင် ၃၂ ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

သာစည် ဧပြီ ၃

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၃၂ ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို  ယမန်နေ့နံနက်  ၈ နာရီက  အမှတ်(၆)ရပ်ကွက် သာယာကုန်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဖွင်လှစ်သည်။ ဆက်လက်ပြီး သာစည်မြို့အမှတ်(၁)ရပ်ကွက် ဓမ္မာလင်္ကာရ ရေအားလျှပ်စစ်ကျောင်းတိုက်  တိုက်အုပ်ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးသက်ကျော်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ဆက်လက်၍ မြို့နယ်သံဃနာယကအကျိုးဆောင် သာယာကုန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပုညဓဇက အဖက်ဖက်မှ  ကူညီပံ့ပိုးမှုများနှင့် ပတ်သက်၍ ဝမ်းမြောက်ကျေးဇူးတင် စကားပြောကြားသည်။  ထို့နောက် ၂၀၂၂ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင်  ဖြေဆိုအောင်မြင်ခဲ့သော  ပထမကြီးတန်းအောင်သံဃာ ၄ ပါး၊ ပထမလတ်တန်းအောင်သံဃာ ၄ ပါး၊ အခြေပြုမူလတန်းအောင်သံဃာ ၁၄ ပါးနှင့် နိကာယ်အောင်သံဃာ ၁၇  ပါးတို့ကို တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝေဝေခိုင်၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး   အသင်းဝင်များ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်ဆွမ်းလောင်းအသင်း တာဝန်ရှိသူများက ဘွဲ့တံဆိပ်၊ စာအောင်လက်မှတ်များနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး ကြီးကြပ်ဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသူများက လှူဒါန်းမှုများအတွက် ရေစက်ချသာဓုခေါ်ဆိုကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။                                 

 မြို့နယ်(ပြန်/ဆက်)