ချောင်းသာ ဧပြီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ချောင်းသာမြို့တွင် လစဉ်မွေးကင်းစမှ တစ်နှစ်ခွဲအရွယ်ကလေးများကို ကာကွယ်ဆေးများအား ချောင်းသာမြို့ တိုက်နယ်ကျန်းမာရေးဆေးခန်းတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်မှ နေ့လယ် ၁၂ နာရီအချိန်အထိ ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
ကလေးငယ်များအား ထိုးနှံပေးလျက်ရှိသည့် ကာကွယ်ဆေးများမှာ အသည်းရောင်အသားဝါ (ဘီ)၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)နှင့် ငါးမျိုးစပ်ကာကွယ်ဆေးများကို အသက်အရွယ်အပိုင်းအခြားအလိုက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင်လည်း ဆေးမထိုးမီနာရီဝက်ခန့်နားနေစေပြီး ဆေးထိုးပြီးသောအခါတွင်လည်း နာရီဝက်ခန့်နားနေ စောင့်ကြည့်ခြင်းဖြင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ကုသရေးနှင့်အရေးပေါ် တုန့်ပြန်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချောင်းသာမြို့နေ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များကို လစဥ်လဆန်း (၃) ရက်နေ့တိုင်း ထိုးနှံပေးလျှက်ရှိကြောင်းသိရှိရပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအဆင်ပြေချောမွေ့စေရန်အတွက် Mobile နှင့်ကာကွယ် ဆေးထိုးနှံပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဇော်လေး (ပြန်/ဆက်)