သီပေါ ဧပြီ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲက မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)၊ အမျိုးသမီးအသင်း(Women Club)နှင့် လူငယ်အသင်း(Youth Club)တို့ ပူးပေါင်း၍ စားသုံးသူအခွင့်အရေးများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်လင်းလင်းထွန်းက စားသုံးရန်မသင့်သော အစားအစာများနှင့် မုန့်များ၊ ဆိုးဆေးအန္တရာယ်နှင့် စားသုံးသူအခွင့်အရေးများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး (Women Club)အဖွဲ့ဝင် ဒေါ်ဝိုင်းသူဇာခင်၊ လူငယ်အသင်း(Youth Club)အဖွဲ့ဝင် နန်းမွေစင့်၊ စိုင်းစွမ်လှိုင်းတို့က သိရှိလိုသည်များကို မေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါအသိပညာပေးဆွေးနွေးပွဲများကို စာပေဝါသနာရှင်များ၊ ဖွဲ့စည်းထားသော Club အသင်းအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လစဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)