ရခိုင်ပြည်နယ် မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မောင်တော  ဧပြီ  ၃

ရခိုင်ပြည်နယ် မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက  ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၃ ရက်နေ့တွင် ကျရောက်မည့်  မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စများ၊ ယခင်နှစ်များထက် ပိုမိုစည်းကားသိုက်မြိုက်စွာ ဆောင်ရွက်လိုကြောင်း၊ ဗဟိုမဏ္ဍပ်တည်ဆောက်ရေး အခြေအနေများ၊ ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲ ကျင်းပမည့် အစီအစဉ်များနှင့် မဟာသင်္ကြန်ပွဲတော်ကို စည်းကမ်းရှိရှိနဲ့ စည်ကားသိုက်မြိုက် ပျော်ရွင်အောင်မြင်စွာ ကျင်းပပေးနိုင်ရန်အတွက် ဆောင်ရွက်ထားသည့် အစီအမံများအားကြိုတင် ရှင်းလင်းတင်ပြကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မောင်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က မဟာသင်္ကြန်အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက်  ဗဟိုမဏ္ဍပ် တည်ဆောက်နေမှုအခြေအနေ၊  တေးသံရှင်များနှင့် ယိမ်းအဖွဲ့များဖျော်ဖြေရေး ကိစ္စရပ်များ၊ ကဏ္ဍအလိုက် ဆောင်ရွက်နေသည့် အစီအစဉ်များ၊  လုပ်ငန်းကော်မတီများဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာ၀န်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ဝိုင်းဝန်းဆွေးနွေး တင်ပြခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်