ပွင့်ဖြူ ဧပြီ ၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အသက်(၆၀)နှစ်ပြည့် ဆရာကြီး၊ ဆရာမကြီးများအား သတ္တမအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါ မြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သတ္တမအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ကျောင်းသား၊ ကျောင်းသူဟောင်းများမှ စုပေါင်း၍ စီစဉ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း ၃၇ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။ အခမ်းအနားကို ဦးစွာ ကျောင်းသား၊ ကျောင်းသူဟောင်းများအဖွဲ့က အပူဇော်ကန်တော့ခံ ဂုဏ်ကျေးဇူးရှင် ဆရာကြီး၊ ဆရာမကြီးများကို ဩကာသ ကန်တော့ဖြင့် ရှိခိုးပူဇော်ခဲ့ကြသည်။ ထို့နောက် အပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာကြီး ဦးခင်ကြွယ်က တပည့်ကျောင်းသား၊ ကျောင်းသူများကို ဩဝါဒစကား ဂုဏ်ပြုပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူဟောင်းများက ဆရာကြီး၊ ဆရာမကြီးများကို အလှူငွေနှင့် လှူဖွယ်ပစ္စည်းများဖြင့် တစ်ဦးချင်းအလိုက် ပူဇော်ကန်တော့ခဲ့ကြပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံများ ရိုက်ကူး၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်း၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆရာကြီး၊ ဆရာမကြီးများ၏ ဂုဏ်ကျေးဇူးကို တန်ဖိုးထားသောအားဖြင့် နှစ်စဉ် ကျောင်းသား၊ ကျောင်းသူဟောင်းများအဖွဲ့က စုပေါင်းပြီး အာစရိယပူဇော်ပွဲကို ကျင်းပပြုလုပ်လျက်ရှိရာ ယခုနှစ်တွင် သတ္တမအကြိမ်မြောက် အောင်မြင်စွာ စီစဉ်ကျင်းပပြုလုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)