အင်္ဂပူ ဧပြီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မတ်လအတွက် MCCT အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ယခုလိုထောက်ပံ့ပေးအပ်သည့် ငွေကြေးများသည် ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးရေးနှင့် အာဟာရပြည့်မီရေး၊ ထူးချွန်ထက်မြက်သည့် လူရည်ချွန်များ ပေါ်ထွန်းလာစေရေးနှင့် ကိုယ်ဝန်ဆောင်များအနေဖြင့်လည်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ရန် အထောက်အပံ့ ဖြစ်စေရေးတို့အတွက် ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဒိုင်ဒိုဒါးလ်တို့မှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များမှ မိမိတို ရပ်ကွက်၊ ကျေးရွာအလိုက် ကာယကံရှင်များ၏ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်တွင် ကိုယ်ဝန်ဆောင်ဦးရေ (၁၆၉၈)ဦး၊ (၂)နှစ်အောက် ကလေးငယ် (၁၄၅၂)ဦး စုစုပေါင်း (၆၁၂၆)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေ (၄၇၂.၅၀) သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
မန်းကျော်(ပြန်/ဆက်)