ကျိုက်မရောမြို့ ၌   မြန်မာ့ရိုးရာမဟာသင်္ကြန် အထူးစည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်

ကျိုက်မရော ဧပြီ ၂

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန် ပွဲတော်အား မြန့်ရိုးရာယဥ်ကျေးမှုများနှင့်အညီ ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်နိုင်ရန်အတွက်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးက မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်  မြို့မိမြို့ဖ များအား သင်္ကြန်မဏ္ဍပ်များ အားစနစ်တကျ အချိန်မီဆောက်လုပ်နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးက သင်္ကြန်ပွဲတော်ကာလအတွင်း၌ ပြည်သူလူထုများနှင့် လူငယ်များ အေးချမ်းသာယာစွာသင်္ကြန်ပွဲတော် ဆင်နွဲနိုင်ရေးအတွက် လုံခြုံရေးနှင့်ပါတ်သက်၍  အချက်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ပြုလုပ်နိုင်ရေးအတွက် ဖွဲ့စည်းထား သည့်ဆပ်ကော်မတီဝင်များကမိမိတို့ တာဝန်ယူဆောင်ရွက်ရမည့်လုပ်ငန်းများကို တစ်ဦးချင်း ပြန်လည်ဆွေးနွေးကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်၌ ရေကစားမဏ္ဍပ်များ(၅)ခုကို မြို့ပေါ်ရပ်ကွက် များနှင့်လူစည်ကားရာ နေရာဖြစ်သော ဆုတောင်ပြည့်ဘုရားကြီး၌ ဗဟိုမဏ္ဍပ်ကြီးကို ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး လူငယ်များပျော်ရွှင်စွာ ရေပက်ကစားနိုင်ရန် ရေလုံလောက်စွာ ရရှိရေးအတွက် အတ္တရံမြစ်အတွင်းမှနေ၍ ရေစုပ်စက်ကြီးများဖြင့် သင်္ကြန်ရက်အတွင်း ရေပြတ်လပ်မှုမရှိစေရေး စီစဥ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)