မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဖွင့်လှစ်

မလှိုင် ဧပြီ ၂

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနတွင် တာဝန်ထမ်းဆောင်နေသော စာရေးဝန်ထမ်းများ လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင် ကျွမ်းကျင်မှုနှင့် အရည်အသွေး တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရ သည်။

အဆိုပါသင်တန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားပြီး နိုင်ငံဝန်ထမ်းကျင့်ဝတ် အိတ်ဆောင်ကဒ်ပြားများကို ဝန်ထမ်းတစ်ဦးချင်းအား ဖြန့်ဝေပေးခဲ့သည်။ ယင်းနောက် အုပ်ချုပ်ရေးဝန်ထမ်းကောင်းဖြစ်ရန် တတ်ကျွမ်းလေ့လာရမည့် အုပ်ချုပ်ရေးပညာ၊ စီမံခန့်ခွဲရေးပညာ၊ ခေါင်းဆောင်မှုပညာအကြောင်း ကိုလည်းကောင်း ဝန်ထမ်းများ လိုက်နာကျင့်သုံးရမည့် စ(၉)လုံးအကြောင်း၊ နိုင်ငံဝန်ထမ်းကျင့်ဝတ် အိတ်ဆောင်ကဒ်ပြားပါ နိုင်ငံဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆)ချက်၊ နိုင်ငံဝန်ထမ်းများ ထမ်းဆောင် ရမည့်တာဝန် (၃)ရပ်၊ ဝန်ထမ်းတစ်ဦးချင်း လိုက်နာစောင့်ထိမ်းရမည့် ကျင့်ဝတ်(၁၂)ပါး၊ ဝန်ထမ်းအချင်းအချင်းအပေါ် လိုက်နာစောင့်ထိမ်းရမည့် ကျင့်ဝတ်(၅)ပါး၊ ပြည်သူလူထုအပေါ် လိုက်နာစောင့် ထိရမည့်ကျင့်ဝတ်(၅)ပါး၊ နိုင်ငံတော်အပေါ်လိုက်နာစောင့်ထိမ်းရမည့် ကျင့်ဝတ်(၈)ပါး၊ တာဝန် နှင့်လုပ်ပိုင်ခွင့်များကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းပို့ချခဲ့သည်။

ယင်းနောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေသွေးက ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်များအကြောင်းနှင့် ဒုတိယဦးစီးမှူးများမှ ရုံးလုပ်ငန်းဆိုင်ရာ ဘာသာရပ်များကို အသီးသီးပို့ချပေးခဲ့သည်။

အဆိုပါသင်တန်းသို့ မြို့ပေါ်ရုံးဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုစာရေးဝန်ထမ်း စုစုပေါင်း(၈၁)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို နှစ်ရက်အကြာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)