မချမ်းဘော့ ဧပြီ ၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့ အထင်ကရနေရာ ကျောက်နဂါးကုန်းတော်ပေါ်ရှိ အောင်တော်မူအေး စေတီတော်မြတ်ကြီး၌ အသံမစဲမဟာပဌာန်းကျမ်း ရွတ်ဖတ်ပူဇော်ပွဲနှင့် နဂါးရုံဘုရား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲ အလှူတော်မင်္ဂလာဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ကြွရောက်လာကြသော ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ကြပြီး ပူတာအိုမြို့နယ် နောင်ခိုင်ကျေးရွာ တောင်တန်းသာသနာပြုကျောင်း နောင်ခိုင်ဆရာတော်က စိန်ရောင်ခြည်ဘုရားပင့်ပူဇော်ခြင်း၊ မြို့နယ်သာသနာရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းမင်းအောင်မှ ပဌာန်းတရားတော် အတူတကွနာယူရန် နတ်ပင့်ပူဇော်ခြင်းနှင့် မချမ်းဘော့မြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးမြင့်နိုင်ဦးက အလှူရှင်များကိုယ်စား ပဌာန်းကျမ်းဆက်ကပ်လှူဒါန်းခြင်းများဆောင်ရွက်ခဲ့သည်။ဆက်လက်၍ ပူတာအိုမြို့တောင်တန်းသာသနာပြု ဗဟိုကျောင်းဆရာတော် မဟာသဓ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တဝိဇာရ ဉာဏမှ ချီးမြှင့်ဟောကြားတော်မူသော ရှစ်ပါးသီလနှင့် မဟာပဌာန်းကျမ်း ရွတ်ဖတ်ပူဇော်ခြင်း အကျိုး တရားတော်တို့ကို နာယူခြင်းနှင့်ကြွရောက်လာကြသော ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် တကွတရားတော်နာ ဧည့်ပရိတ်သတ်အပေါင်းတို့က ပဌာန်းအကျဥ်း (၇၂)ကြိမ် နဝင်းကြေ ရွတ်ဆိုပူဇော်ခဲ့ကြပြီးနောက် အသံမစဲမဟာပဌာန်းကျမ်းကို ပင့်သံဃာတော်တစ်ပါးစီမှ လှည့်ကျ စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
အဆိုပါမဟာပဌာန်းကျမ်း ရွတ်ဖတ်ပူဇော်ပွဲကို မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တန်ခူးလဆန်း ၁၃ ရက်နေ့မှ တန်ခူးလပြည့်ကျော် ၁ ရက်နေ့အထိ ၂၀၂၃ ခု နှစ်ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ ရွတ်ဖတ်ပူဇော်မည်ဖြစ်ပြီး ဧပြီလ ၅ ရက်နေ့တွင် မဟာပဌာန်းသိမ်းအောင်ပွဲနှင့် အသစ်တည်ထား ကိုးကွယ်တော်မူသော နဂါးရုံဘုရား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်း အောင်ပွဲ စုပေါင်းရေစက်ချ ပတ္တိဒါနအမျှပေးလှူပွဲတို့ကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)