တန့်ယန်းမြို့တွင် အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ D-Phil(Oxford)အား ကြိုဆိုပင့်ဆောင် ပူဇော်

တန့်ယန်း ဧပြီ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့သို့ သာသနာပြု ကြွရောက်တော်မူလာသော ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိ ပါမောက္ခချုပ် အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ D-Phil (Oxford)အား တောင်တန်းသာသနာပြုဆရာတော်ဘဒ္ဒန္တသုခမိန္ဒ(ဒေါက်တာစဝ်ဆုခမ်း)နှင့် တာဝန်ရှိသူတို့က ဧပြီလ ၁ ရက်နေ့ ညနေ ၅ နာရီခွဲ၌ ကြိုဆိုပင့်ဆောင် ပူဇော်ကြသည်။

အဆိုပါ ကြိုဆိုပင့်ဆောင်ပူဇော်ပွဲတွင် နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူဝင်းနှင့် အရာရှိကြီးများ၊ မိသားစုများ၊ တန့်ယန်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေလွင်ထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများက မြို့ဝင်မုခ်ဦးမှ ကံဝိန်းပရိယတ္တိစာသင်တိုက်သို့ ကြိုဆိုပင့်ဆောင်၍ ဆရာတော်အရှင်သူမြတ်အား ပူဇော်ကြသည်။

ယင်းနောက် ပါမောက္ခချုပ် အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ D-Phil(Oxford)မှ ည ၇ နာရီ တွင် ကံဝိန်းပရိယတ္တိစာသင်တိုက် ပင်မကျောင်းဆောင်တော်ကြီး၌ တရားတော်များချီးမြှင့်ရာ တပည့်ဒါကာ၊ ဒါယကာမများနှင့် ဧည့်ပရိတ်သတ်အပေါင်းက နာယူခဲ့ကြကြောင်း သိရသည်။ 

မင်းလွင်ဦး(ပြန်/ဆက်)