စဉ့်ကိုင် ဧပြီ ၂
တောင်သူများ၏လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သီးနှံအထွက်နှုန်းကောင်းစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် သမဝါယမဦးစီးဌာနနှင့် စမ်း၀တီသမဝါယမအသင်းတို့ ပူးပေါင်း၍ သဘာ၀မြေသြဇာသုံးစွဲနည်းနှင့် အကျိုးသက်ရောက်မှု အကြောင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်သမဝါယဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး၊ သမဝါယမအသင်းစုချုပ်မှ အမှုဆောင်အဖွဲ့၀င် ဦးဟန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စမ်း၀တီသဘာ၀မြေသြဇာ လုပ်ငန်းတာ၀န်ခံ အထွေထွေမန်နေဂျာ ဦးနိုင်အောင်က သဘာ၀မြေသြဇာသုံးစွဲနည်းနှင့် အကျိုးသက်ရောက်မှုများ၊ သဘာ၀ပစ္စည်းများဖြင့် ထုတ်လုပ်ထားသည့်အတွက် အပင်များပိုမိုဖွံ့ဖြိုးတိုးတက်ပြီး သီးနှံအထွက်နှုန်းကောင်းခြင်း၊ ပိုးမွှားအန္တရာယ်ကင်းစေခြင်း၊ သီးနှံများအရောင်အသွေးနှင့် အရည်အသွေးကောင်းမွန်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးထွန်းနိုင်က သဘာ၀မြေသြဇာ သုံးစွဲခြင်း၏အကျိုးကျေးဇူးများကို ဆွေးနွေးခဲ့ရာ တက်ရောက်လာသော အသင်းသား တောင်သူများကလည်း မိမိတို့သိလိုသည်များကို မေးမြန်းခဲ့ရာ တာ၀န်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ သမဝါယမအသင်းစုချုပ်မှ အမှုဆောင် အဖွဲ့၀င်ဦးဟန်၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မြတ်ကြူနှင့်၀န်ထမ်းများ၊ စမ်း၀တီသဘာ၀မြေသြဇာ ထုတ်လုပ်ရေးသမဝါယမအသင်း၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်းစု၀န်ထမ်းများ၊ အသင်းသားတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)