တွံတေးမြို့နယ်၌ မွေးကင်းစမှ တစ်နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းများ ဆောင်ရွက်

တွံတေး ဧပြီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးက မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဆေးပေးခန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမများက  ကလေးငယ်များအား ပေါင်ချိန်ခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်းနှင့် မွေးကင်းစမှ အသက် ၂ လ၊ ၄ လ၊ ၆ လ၊ ၉ လ၊ ၁ နှစ်ခွဲ‌အရွယ် ကလေးငယ်များကို ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမှေးရောင်ရောဂါ စသည့် ငါးမျိုးစပ်ကာကွယ်ဆေးများကို ကလေးငယ်များ၏ အရွယ်အလိုက် သတ်မှတ်အကြိမ်အတိုင်း ထိုးနှံပေးခြင်း၊ ပိုလီယို အစက်ချဆေး တိုက်ကျွေးခြင်းတို့အပြင် ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တွံတေးသား