ဗန်းမော် ဧပြီ ၂
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ၂၀၂၃ ခုနှစ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂:၀၀) နာရီခန့်က ညောင်ပင်ရပ်ကွက်ရှိ ဗန်းမော်ခရိုင် မိုးလုံလေလုံပြည်သူ့အားကစားခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်အား လက်ဝှေ့အားကစားမောင်မယ်များ၊ လက်ဝှေ့နည်းပြများ၊ ဒိုင်များနှင့် ဘင်ခရာတပ်ဖွဲ့ဝင်များက ချီတက်အလေးပြုခဲ့ပြီး တိုင်းရင်းသားရေးရာဝန်ကြီးက "ဗန်းမော်ခရိုင်အတွင်း နှစ်ပေါင်း(၂၀) နီးပါး မကျင်းပဖြစ်ခဲ့တဲ့ လက်ဝှေ့ပြိုင်ပွဲကို ပြန်လည်ကျင်းပနိုင်ခဲ့အတွက် အလွန်ပင်ဝမ်းသာပါကြောင်း၊ ယခုပြိုင်ပွဲတွင် ထူးချွန်ထက်မြက်သူများကို ဆက်လက်မြေတောင်မြှောက်ပေးသွားမှာဖြစ်ကြောင်း၊ လက်ဝှေ့အားကစားနည်းကို တိုးတက်ပြန့်ပွားအောင် ဆောင်ရွက်ပေးကြရန်နှင့် များများလေ့ကျင့်၊ များများယှဉ်ပြိုင်၊ များများကစားရာမှတစ်ဆင့် လူ့ဘောင် လူ့အသိုင်းအဝိုင်းကို အားကစားနည်းဖြင့် စောင့်ရှောက်ကာကွယ်ပေးသွားကြပါရန်" အဖွင့်မိန့်ခွန်းပြောကြားကာ ပြိုင်ပွဲကိုဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် ကချင်ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးခက်ထိန်နန်မှ လက်ဝှေ့ပြိုင်ပွဲအတွက် ထောက်ပံ့သည့် ငွေကျပ်သိန်း (၂၀) အား တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပေးအပ်ရာ ဗန်းမော်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကြည်စိုးက လက်ခံရယူခဲ့သည်။ ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီးက ပြိုင်ပွဲတွင်ပါဝင်တီးခတ်ပေးသည့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုငွေပေးအပ်ခြင်း နှင့် လက်ဝှေ့ကလပ်များအား အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ပြီး အားကစားသရုပ်ပြတင်ဆက်ကာ ပြိုင်ပွဲစတင်ကျင်းပခဲ့သည်။
အဆိုပါလက်ဝှေ့ပြိုင်ပွဲတွင် အမျိုးသမီးတွဲဆိုင်းအပါအဝင် တွဲဆိုင်း (၂၀) ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်၍ ဝင်ကြေးမှာ အခမဲ့ဖြစ်ကာ တစ်ရက်တည်း ပွဲစဥ်အပြီး ကျင်းပခြင်းဖြစ်သည်။ တွဲဆိုင်း (၃) ဆိုင်း ယှဉ်ပြိုင်ပြီးတိုင်း ဆုရရှိသူများအား တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လည်ဆွဲနှင့် ဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ပေးအပ်ခဲ့သည်။
ပြိုင်ပွဲသို့အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးကျော်သူ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ စုစုပေါင်းအင်အား (၈၀၀) ဦးခန့် တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်