မုဒုံမြို့အတွင်းရှိ သောက်သုံးရေခက်ခဲသော ရပ်ကွက်/ကျေးရွာများသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း

မုဒုံ ဧပြီ ၂

မွန်ပြည်နယ်၊ မုဒုံမြို့အတွင်းရှိ သောက်သုံးရေရှားပါးခက်ခဲသော ရပ်ကွက်/ ကျေးရွာများသို့ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များမှ အိမ်တိုင် ရာရောက် သောက်သုံးရေများကို ယမန်နေ့က သွားရောက် လှူဒါန်းပေးသည်။

ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့၊ မြန်မာ့လူငယ်အဖွဲ့တို့က လူထုအကျိုးပြုလုပ်ငန်းတစ်ရပ်ဖြစ်သည့် သောက်သုံးရေခက်ခဲနေသော မြို့မ (၄)ရပ်ကွက်အတွင်းရှိ ကန်ကြီးကွက်သစ်ရပ်၊ ကျိုက်ကမော့လေးတောင်ခြေ ဘွန့်ဘွေကုန်းရပ်၊ ဂေါက်ကွင်းအနီးဆယ်အိမ်စု၊ ရွှေဥဒေါင်းဆယ်အိမ်စု၊ ချမ်းမြကန်သာရပ်ကွက်၊ ကွေ့ဝမ်းကျေးရွာအနောက်ပိုင်း၊ နိုင်းပြိုင်ကျေးရွာအနောက်ပိုင်း၊ ညောင်ကုန်းကျေးရွာရှိ ရော်ဘာစိုက်ကွက်များထံသို့ သောက်သုံးရေလီတာ (၇၀၀၀၀)ကျော်ကို သွားရောက် လှူဒါန်းပေးခဲ့သည်။

အဆိုပါ ပရဟိတအသင်းအဖွဲ့များက မတ်လ ဒုတိယအပတ်မှစတင်ကာ သောက်သုံးရေရှားပါးသည့် ရပ်ကွက်/ကျေးရွာများသို့ လိုက်လံလှူဒါန်းပေးလျက်ရှိကြောင်း၊ လိုအပ်သည့် နေရာများတွင်လည်း အကူညီတောင်းခံလာပါက သောက်သုံးရေခက်ခဲမှု မရှိစေရန် ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူမှုကယ်ဆယ်ရေးအသင်းများမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

သားငယ် (ပြန်/ဆက်)