မိုးမိတ် ဧပြီ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် နွေရာသီအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမောင်က နွေရာသီကျောင်းပိတ်ရက်များ၌ လူငယ်များအနေဖြင့် အားကစားနည်း အခြေခံများကို လေ့လာလိုက်စားခြင်းဖြင့် အချိန်ကိုကျိုးရှိစွာ အသုံးချနိုင်ရေး၊ အားကစားဆောင်ရွက်ခြင်းဖြင့် လူငယ်များ၏ ကျန်းမာကြံ့ခိုင်ရေးနှင့် နိုင်ငံတော်မှ အားထားရသည့် မျိုးဆက်သစ်အားကစား မောင်မယ်များ ပေါ်ထွက်လာစေရေးကို အထောက်အကူပြုနိုင်ရန်အတွက် ရည်ရွယ်၍ ယခုကဲ့သို့ နွေရာသီသင်တန်းကို ဖွင့်လှစ်ပေးရခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ပြီး ကရာတေးဒိုအဖွဲ့နှင့် အေရိုးဗစ်(Fitness Dance)အဖွဲ့များက သရုပ်ပြဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမောင်က နည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး အဆိုပါနွေရာသီအခြေခံအားကစားသင်တန်းသို့ ဘောလုံးအခြေခံ အား ကစာနည်းတွင် သင်တန်းသား ၃၀ ဦး၊ ဘောလီဘော အခြေခံအားကစာနည်းတွင် သင်တန်းသား ၁၀ ဦး၊ ပိုက်ကျော်ခြင်းအခြေခံအားကစာနည်းတွင် သင်တန်းသား ၁၀ ဦး၊ စားပွဲတင်တင်းနစ် အခြေခံအားကစာနည်းတွင် သင်တန်းသား ၁၅ ဦး၊ ကြက်တောင်အခြေခံအားကစာနည်းတွင် သင်တန်းသား ၁၀ ဦး၊ အေရိုးဗစ်(Fitness Dance) အခြေခံအားကစာနည်းတွင် သင်တန်းသား ၂၀ ဦး၊ ကရာတေးဒိုအခြေခံအားကစားနည်းတွင် ၂၅ ဦး တို့ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မတ်လ ၂၀ ရက်နေ့မှ ဧပြီလ ၁ ရက်နေ့ အထိဖြစ်ကြောင်း သိရသည်။
စည်သူဌေး (ခရိုင်ပြန်/ဆက်)