ညောင်ဦး ဧပြီ ၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ဆောင်းကြက်သွန်နီစိုက်ပျိုးသည့် ကျေးရွာဖြစ်သော ညောင်ဦးမြို့နယ် ကြအိုကျေးရွာ၊ လက်ထုပ်ကျေးရွာ၊ တောင်ဖက်တန်းကျေးရွာ၊ သဖန်းကုန်းကျေးရွာ၊ သစ်ထောင့်ကျွန်းကျေးရွာ၊ အထက်ညဉ့်ကျေးရွာ၊ အောက်ညဉ့်ကျေးရွာများနှင့် ကျောက်ပန်းတောင်းမြို့နယ်၊ ကြက်မောက်တောင်ချောင်းနှင့် ကြက်မောက်တောင်ဆည်ပတ်ဝန်းကျင် ကျေးရွာများ ဆောင်ကြက်သွန်များ စတင်နုတ်သိမ်းနေပြီဖြစ်ကာ ကြက်သွန်တစ်ပိသာ ၁၂၀၀ ကျပ် ဈေးရရှိနေပြီး ဆောင်းကြက်သွန်နုတ်သိမ်းချိန် အလုပ်သမားခဈေးကြီးကာ လုပ်သားရှားပါးမှုများလည်း ကြုံတွေ့နေရကြောင်း ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာ ဆောင်းကြက်သွန်နီစိုက်ပျိုးတောင်သူ ဦးတင်ထွန်းအောင်က ပြောကြားသည်။
ညောင်ဦးမြို့နယ် ဆောင်းကြက်သွန်နီ စိုက်ပျိုးတောင်သူများ၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကြက်မောက်တောင်ချောင်းနှင့် ကြက်မောက်တောင်ဆည်ပတ်ဝန်းကျင် ကျေးရွာနှစ်ဆယ်ကျော်သည် ဆောင်းကြက်သွန်အမြောက်အများ စိုက်ပျိုးကြပြီး ဆောင်းကြက်သွန်ပျိုး(မျိုး) ထောင်ချိန်ဖြစ်သည့် သီတင်းကျွတ်၊ တန်ဆောင်မုန်းလတို့တွင် ဆောင်းကြက်သွန်ပျိုးထောင်ကြကာ ကြက်သွန်ပျိုးသက် ရက်ပေါင်းလေးဆယ့်ငါးရက်ရှိလျှင် ကြက်သွန်စိုက်မည့် စိုက်ခင်းထဲသို့ ရွေ့ပြောင်းစိုက်ရကြောင်း သိရသည်။ ကြက်သွန်စိုက်ချိန်တွင် ထွန်စက်ဖြင့် ထွန်ခြင်း၊ နွားရှဉ်းဖြင့် ထွန်ခြင်းများဖြင့်မြေညက်နေစေရန်ထွန်ရကာ ထွန်ယက်ပြီးချိန် မြေဆီအတွက် နွားချေး၊ ဆိတ်ချေး၊ ကြက်ချေးတို့အား ကြက်သွန်စိုက်တောင်သူတိုင်း အသုံးပြုကြပြီး၊ နှမ်းဖတ်၊ ပဲဖတ်မှုန့်များ ကြဲဖြန့်ပေးရကြောင်း၊ ကြက်သွန်စိုက်ပြီး တစ်လခွဲခန့်ကြာလျှင် ကြက်သွန်အပင်ဖြစ်ထွန်းမှု အခြေအနေကြည့်ပြီး ရွက်ဖျန်းဆေး၊ ပုလဲခေါ်ယူရီယားဓာတ်မြေဩဇာထပ်ပြီး ပက်ရကြောင်း၊ ကြက်သွန်စိုက်ပျိုးရာတွင် နံနက်၊ ည နှစ်ကြိမ်ရေးဖျန်းပေးရပြီး နုတ်သိမ်းမည့် ဆယ့်ငါးရက်အလိုထိ ရေဖျန်းပေးရကြောင်း ကျောက်ပန်းတောင်းမြို့နယ် မုန့်ကုန်းကျေးရွာ ကြက်သွန်စိုက်ပျိုးတောင်သူ ဦးနေမျိုးထွန်းက ရှင်းပြသည်။ ဆောင်းကြက်သွန်တစ်သီး ပျိုးထောင်ချိန်မှ နုတ်သိမ်းသည်အထိ ငါးလခန့်ကြာမြင့်ကြောင်း သိရကာ ကြက်သွန်နုတ်ချိန် အလုပ်သမတစ်ဦး နံနက် ၉ နာရီမှ ညနေလေးနာရီထိ လေးထောင်ကျပ်၊ အမျိုးသား ခြောက်ထောင်ကျပ်ပေးရပြီး သယ်ယူသည့် ပုဇဉ်းကောင်းထော်လာဂျီတစ်ခေါက် တစ်သောင်းခွဲကျပ် ပေးရကြောင်း၊ ထွားလှည်း တစ်မနက် သောင်းနှစ်ထောင်ကျပ်ပေးရကြောင်း ဆောင်းကြက်သွန်တစ်သီး စိုက်ပျိုးရန် ထွန်စက်ခ၊ ထွန်ရှဉ်းခ၊ လုပ်သား၊ မြေဆီ၊ ရွက်ဖျန်းဆေး၊ စက်ဆီ၊ စိုက်ခ၊ နုတ်သိမ်းခ၊ သယ်ယူခ၊ ကြက်သွန်လှောင်စင်ပေါ်တင်ခများဖြင့် ကြက်သွန်စိုက်ခြင်းသည် ကရိကထအလွန်များကာ ကြက်သွန်တစ်ဧက စိုက်ပျိုးချိန် နှစ်ဆယ်ငါးသိန်းခန့် ကုန်ကျကြောင်းသိရကာ ကြက်သွန်နုတ်သိမ်းစ တစ်ပိသာ ခုနှစ်ရာကျပ်ဈေးမှသာ ဈေးနှုန်းအသင့်ဖြစ်ကာ တစ်ပိသာ ၆၀၀ ကျပ် ဈေးဖြစ်နေခြင်းကြောင့် ဆောင်းကြက်သွန်စိုက်တောင်သူများ စိုက်ပျိုးကုန်ကျစရိတ်များနေကြကြောင်း ကျောက်ပန်းတောင်းမြို့နယ် ဆောင်းကြက်သွန်စိုက် တောင်သူများက ပြောကြား၍ သိရသည်။
ဆောင်းကြက်သွန်များသည် အထားအင်မတန်ခံခြင်းကြောင့် တစ်နှစ်ပတ်လုံးလှောင်၍ ရသော်လည်း ငွေကြေးအခက်အခဲရှိသည့် တောင်သူများ နုတ်သိမ်းပြီးချိန် ရောင်းချရပြီး ငွေကြေးတတ်နိုင်သူများ လှောင်ထားကြကာ လှောင်ကြက်သွန်ဈေးကောင်းချိန်ဖြစ်သည့် ဝါခေါင်၊ တော်သလင်း၊ သီတင်းကျွတ်လများတွင် ဆောင်းကြက်သွန်များ ထုတ်ရောင်းကြသည်။ ယခုနှစ်ဆောင်းကြက်သွန်နုတ်သိမ်းချိန် အရည်အသွေးကောင်းမွန်သည့် ကြက်သွန်ဥများ ထွက်ရှိခြင်း၊ တစ်ဧကအထွက်နှုန်း ကောင်းမွန်ခြင်းများကြောင့် နုတ်သိမ်းစချိန် ကြက်သွန်နီ တစ်ပိသာ ၁၀၀၀ ကျပ် ၁၂၀၀ ကျပ်သည် တောင်သူများ မျှော်လင့်နေသည့် ဈေးနှုန်းဖြစ်ကြောင်းလည်း သိရသည်။
ဒီပါလင်း