လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် နွေရာသီအခြေခံ အားကစားသင်တန်းများဆင်းပွဲ အခမ်းအနားကျင်းပ

လှိုင်သာယာ(အနောက်ပိုင်း) ဧပြီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် လူငယ်များ အားကစားစိတ်ဓာတ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မတ်လတွင် ဖွင့်လှစ်ခဲ့သော နွေရာသီအခြေခံအားကစားသင်တန်းများဆင်းပွဲ အခမ်းအနားအား ယနေ့နံနက် ၉ နာရီအချိန်က လှိုင်သာယာ(အနောက်ပိုင်း)မြို့ အ.ထ.က (၂) ကျောင်းခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်မှ အဖွင့်အမှာစကားပြောကြားပြီး သက်ဆိုင်ရာအားကစားနည်းအလိုက် စွမ်းရည်ပြသခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို မြို့နယ်တာဝန်ရှိသူများကပေးအပ်ခဲ့သည်။ ထို့နောက်တက်ရောက်လာသော သင်တန်းသူ၊ သင်တန်းသားများမှ မြန်မာ့သိုင်းသရုပ်ပြခြင်း၊ တိုက်ကွမ်ဒိုသရုပ်ပြခြင်း၊ မြန်မာရိုးရာခြင်း သရုပ်ပြခြင်းများဖြင့် ဖျော်ဖြေပေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်၊ မြို့နယ်ပညာရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးအရာရှိအားကစားမှူး ဦး‌ဇော်ထိုက်အောင်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူ၊ သင်တန်းသားများ၏မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်ဇော်( ပြန်/ဆက်)