မြစ်ကြီးနားမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ဆဌမအကြိမ် အာစရိယပူဇော်ပွဲ ကျင်းပ

မြစ်ကြီးနား ဧပြီ ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ၁၉၆၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ တက်ရောက် ပညာသင်ကြားခဲ့ကြသော ကျောင်းသား/ကျောင်းသူဟောင်းများ၏ ဆဋ္ဌမအကြိမ်မြောက် အငြိမ်းစားသက်ကြီး ဆရာ/ဆရာမကြီး များအား အာစရိယပူဇော်ပွဲ အခမ်း အနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်း နိုင်ငံ့ရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ကျောင်းသားဟောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ကျောင်းသား/ ကျောင်းသူဟောင်းများ တက်ရောက်ခဲ့ပြီး ရှေးဦးစွာ အသက်(၇၀)နှစ် နှင့်အထက် ဆရာကြီး/ ဆရာမကြီးများနှင့် အသက် (၇၀)နှစ်အောက် ဆရာကြီး/ဆရာမကြီးများအား ပူဇော်ကန့်တော့ခဲ့ကြပြီး ကျောင်းသားဟောင်းများက မြတ်ဆရာသီချင်းဖြင့် ဂါဝရပြုသီဆိုဖျော်ဖြေခဲ့ ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် အာစရိယပူဇော်ပွဲဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ကျောင်းသား ဟောင်းများက ဆရာကြီး/ ဆရာမကြီးများအား ဂါဝရပြုလက်ဆောင်နှင့် ကန်တော့ငွေများကို တစ်ဦးချင်း ဂါဝရပြုပေးအပ်ခဲ့ကြရာ ဆရာမကြီးဒေါ်ဂျာနန်က သြဝါဒစကားနှင့် ဆုတောင်း မေတ္တာပို့သ ပေးပြီး ပြည်နယ်ဝန်ကြီးက ကျောင်းသားဟောင်းများ ကိုယ်စား ဆရာ/ ဆရာမများအား ဂါဝရပြု နှုတ်ခွန်းဆက်စကားပြောကြားကာ ကျောင်းအတွက် ရေသန့်ဆောင်တည်ဆောက်နိုင်ရေး အလှူငွေ ကျပ် ၂၆ သိန်းနှင့် ကျောင်းသားဟောင်းများက ဆရာကြီး/ဆရာမကြီးများအတွက် ကျန်းမာရေးငွေပဒေသာပင်အဖြစ် အလှူငွေများကို အသီးသီး ပေးအပ်လှူဒါန်းမှုကို တာဝန်ရှိသူများ နှင့် လက်ခံရယူခဲ့သည်။

ယင်းနောက် ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးက ဆဋ္ဌမအကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပပြုလုပ်ရခြင်း အကြောင်းကို ရှင်းလင်းတင်ပြပြီး ကန်တော့ခံဆရာ/ဆရာမများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကြွေးမွေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)