သုံးခွမြို့နယ်၌ မွေးကင်းစမှ(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်

သုံးခွ ဧပြီ ၁

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က မွေးကင်းစမှ (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးခြင်းကို သုံးခွမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သက်ထားမြင့်နှင့် ဆရာမများက မြို့ပေါ်ရပ်ကွက် အတွင်းရှိ ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ ဝက်သက်-ဂျိုက်သိုး ရောဂါ၊ ဂျပန် ဦးနှောက်ရောင် ရောဂါ၊ ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်း၊ ဘီစီဂျီကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင် (pcv) ကာကွယ်ဆေး၊   ပိုလီယို ကာ ကွယ်ဆေး၊ ပိုလီယိုအစက်ချ ကာကွယ်ဆေး၊ တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ(ဘီ) ရောဂါ၊ ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်ရောဂါနှင့် ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင် ရောဂါ ကာကွယ်ဆေးတို့ကို ထိုးနှံတိုက်ကျွေးခဲ့ကြောင်းသိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်းလုပ်ငန်းကို မြို့ပေါ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် လစဉ်(၁)ရက်နေ့မှ(၂)ရက်နေ့အထိ ထိုးနှံ‌ပေးလျက်ရှိပြီး ကျန်ရက်များတွင် ရပ်ကွက်နှင့်‌ကျေးရွာများရှိ ကျန်းမာရေး ဌာနခွဲများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)