မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းဆတ် အောက်တိုဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၁)နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်က ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးနိုင်သည့်ကိစ္စများကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းတူးက နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရေးကာလတွင် လိုက်နာရမည့်အချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဦးမောင်ချိုက နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှု၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် တို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာကြသည့် မိုင်းဆတ်နှင့်မိုင်းတုံမြို့နယ်တို့မှ နိုင်ငံရေး ပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက အသက်(၁၈)နှစ်ပြည့်ပြီးသည့် နိုင်ငံသားတိုင်း မဲပေး ခွင့်ရရှိရေး၊ လွတ်လပ်စွာ မဲဆွယ်စည်းရုံးနိုင်ရေး၊ မဲဆန္ဒရှင်စာရင်းနှင့် မဲရုံစာရင်းများ ရရှိရေး၊ မဲဆန္ဒရှင်တို့ အား တုံကင်နံပါတ်များထုတ်ပေးနိုင်မှု ရှိ မရှိ၊ ရွှေ့ပြောင်းအလုပ်သမားများ မဲပေးနိုင်ရေး၊ မဲရုံများ၊ မဲရုံ ဝန်ထမ်းများ နှင့် ဆန္ဒမဲပေးမည့်ပြည်သူများအား ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး စစ်ဆေးဆောင်ရွက် မည့်အခြေအနေတို့ကို မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူတို့က ပြန်လည်ဖြေကြား ပေးခဲ့သည်။

ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်က နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်း ရုံးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်ညီ လိုက်နာဆောင် ရွက်ကြရန် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)