ပူတာအိုခရိုင် (Community Centre) ခန်းမ၌ ဖိနပ်ချုပ်သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ပူတာအို ဧပြီ ၁

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club အဖွဲ့တို့ ပူးပေါင်းမှုဖြင့် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ လူငယ်များအတွက် အထောက်အပံ့ဖြစ်စေမည့် အတတ်ပညာနှင့် အသိပညာတိုးပွားစေရန်နှင့် သင်တန်းမှ ရရှိသည့် အတတ်ပညာနှင့် အသိပညာတို့ဖြင့် လူငယ်များ လူမှုဘဝ နယ်ပယ်တွင် ပြန်လည်အသုံးချခြင်းဖြင့် လူငယ်များ ဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်သော ဖိနပ်ချုပ်သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ မွန်းတည့်(၁၂)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက ယခုသင် တန်းမှ အခြေခံ ဖိနပ်ချုပ်နည်းများကို သင်ကြားတတ်မြောက်ပြီးဖြစ်သည့်အတွက် လက်တွေ့နယ်ပယ်တွင်လည်း ပြန်လည်အသုံးချနိုင်အောင် ကျွမ်းကျင်အဆင့်အထိ လက်မှုပညာရပ်များကို ဆက်လက်ပြီး လေ့လာဆည်းပူးသင်ယူသွားကြရန် တိုက်တွန်းအမှာစကား ပြောကြားသည်။

ဆက်လက်၍ သင်တန်းနည်းပြ ဆရာမ ဒေါ်အိအိသင်းက သင်တန်းတွင် တစ်ဦးချင်းနှင့် အဖွဲ့လိုက် ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ခရိုင်ဦးစီးမှူးနှင့် သင်တန်းနည်းပြတို့က တစ်ဦးချင်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ သင်တန်းသား/သူများနှင့် အဖွဲ့လိုက် ပြိုင်ပွဲတွင် ထူးချွန်ဆုရ သင်တန်းသား/သူများကိုဆုများ ပေးအပ်ချီးမြှင့်ကာ သင်တန်းသား/ သူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ သဘာဝ ဘေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ အေးချမ်းသာယာပြည်မြန်မာ ဓါတ်ပုံပြပွဲနှင့် စာအုပ် စာစောင်ပြပွဲများကို ကြည့်ရှုလေ့လာကြသည်။

အဆိုပါ သင်တန်းတွင် ပူတာအိုမြို့နယ်အတွင်းရှိ လူငယ်သင်တန်းသား/သူ စုစုပေါင်း(၂၅)ဦးတို့အား မတ်(၂၀) ရက်မှ(၃၀)ရက်နေ့ အထိ နေ့စဉ် နံနက်(၁၀)နာရီမှ နေ့လယ်(၁၂)နာရီအထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)