ကျောက်မဲ ဧပြီ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သော ရှမ်းစာပေနှင့်ရှမ်းစကားပြော အခြေခံသင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရည်က သင်တန်းဆင်း အမှာစကားကိုလည်းကောင်း၊ ဆရာမ ဒေါ်ခင်အုန်းမြင့်က သင်တန်းဆင်း ဩဝါဒစကားကိုလည်းကောင်း ပြောကြားခဲ့ပြီး သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူး ဒေါ်နှင်းရည်က သင်တန်း ဆရာမ ဒေါ်ခင်အုန်းမြင့်အား ဂုဏ်ပြုလက်ဆောင်ကိုလည်းကောင်း၊ သင်တန်းဖြစ်မြောက်ရေးအတွက် ငွေလှူဒါန်းပေးခဲ့သည့် ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသန့်ဇော်ဝင်းအား ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း အသီးသီး ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်းမှာ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/သူများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်၊ ရှမ်းတိုင်းရင်းသား ဘာသာစကားနှင့်စာကို ရေးနိုင်၊ ဖတ်နိုင်၊ ပြောဆိုနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ၊ ရှမ်းစာပေနှင့်ရှမ်းစကားပြောအခြေခံ အခမဲ့သင်တန်းသို့ ထက်၊ လယ်၊ မူကျောင်းသား၊ကျောင်းသူ (၃၀) ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလမှာ (၁-၃-၂၀၂၃)မှ (၃၁-၃-၂၀၂၃) ရက်နေ့ထိ (၁) လတိတိ အခမဲ့ သင်ကြားခဲ့ကြောင်း သိရသည်။
ကျောက်မဲခရိုင်၊ လူထုအခြေပြု Community Centre ခန်းမတွင် ဒေသခံပြည်သူများ အသိပညာ ဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေး Talk Show များ၊ စာဖတ်ဝိုင်းများ၊ စာအုပ်စာစောင်ပြပွဲများ၊ ပြိုင်ပွဲအမျိုးမျိုး၊ ကျောင်းသား/သူများ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး နွေရာသီပန်းချီသင်တန်းများဖွင့်လှစ်ခြင်းများကိုလည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)