ကွမ်းခြံကုန်းမြို့နယ်၌ မဲဆန္ဒရှင်အမည်စာရင်းများကို သက်ဆိုင်ရာရပ်ကွက်၊‌ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် ကပ်ထားကြေညာ

ကွမ်းခြံကုန်း အောက်တိုဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒနယ်မြေအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ၏ အမည်စာရင်းများကို ယမန်နေ့မနက်ပိုင်းမှစ၍ မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်နှင့် ကျေးရွာအသီးသီးရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် ကြေညာကပ်ထားပြီး (Stay at Home) ကာလဖြစ်သဖြင့် တစ်အိမ်ထောင်လျှင် တစ်ဦးသာလာရောက်ကြည့်ရှုနိုင်ရန်လည်း အသိပေး နှိုးဆော်ထားကြောင်းသိရသည်။

အဆိုပါမဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ် ကပ်ထားကြေညာခဲ့စဉ်က တောင်းဆို၊ ကန့်ကွက်၊ ပြင်ဆင်လိုသည်များကို ပြန်လည်ဖြည့်စွက်ပြီး ကပ်ထားကြေညာခြင်းဖြစ်၍ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မိမိတို့ရပ်ကွက်ကျေးရွာအလိုက် မဲဆန္ဒရှင်စာရင်းများတွင် မိမိအမည် ပါရှိမှု ရှိ/မရှိ သွားရောက်ကြည့်ရှုနိုင်ပြီး မိမိတို့၏ အမည်စာရင်းများ မဲစာရင်းတွင် ပါဝင်မှုမရှိခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေခြင်း၊ မဲဆန္ဒရှင် စာရင်းအချက်အလက်များ မှားယွင်းနေခြင်းတို့ရှိပါက မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာနေစဉ်အတွင်း ပြန်လည် ဖြည့်စွက်၊ပယ်ဖျက်၊ ပြင်ဆင်ပေးနိုင်ရန် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် သတ်မှတ်ပုံစံများဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်း၊ ဒုတိယအကြိမ် ကပ်ထားကြေညာမှုကို အောက်တိုဘာ (၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကပ်ထားကြေညာသွားမည်ဖြစ်ပြီး မဲဆန္ဒရှင် ပြည်သူများ (Stay at Home) ကာလအတွင်း အန္တရာယ်ကင်းရှင်းစွာ (Online)မှ တစ်ဆင့် ကြည့်ရှုနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှစီစဉ်ပေးထားကြောင်းသိရသည်။

မြို့နယ်အတွင်းရပ်ကွက်(၇) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄၃)အုပ်စုမှ ကျေးရွာခွဲပေါင်း(၁၃၅) ရွာတွင် ဆန္ဒမဲပေးနိုင်သည့် မဲရုံပေါင်း(၁၈၀)ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၈၈၄၂၀)ခန့် ရှိကြောင်း သိရသည်။

ထွန်းထွန်းစိုး(ပြန်/ဆက်)