နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ယဉ်ကျေးလိမ္မာသင်တန်း၊ အဘိဓမ္မာသင်တန်းနှင့် ဗုဒ္ဓဘာသာ အခြေခံ(ဆရာဖြစ်) သင်တန်းများ ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ဧပြီ ၁

မျိုးဆက်သစ် လူငယ်လူရွယ်များ လိမ္မာယဉ်ကျေးမှုရှိစေရန်၊ အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်သော အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများ ဖြစ်လာစေရန်နှင့် ၃၈ ဖြာမင်္ဂလာ တရားတော်နှင့်အညီ ပြုမှုကျင့်ကြံ နေထိုင်တတ်စေရန် ရည်ရွယ်၍ ယဉ်ကျေးလိမ္မာသင်တန်း၊ အဘိဓမ္မာသင်တန်းနှင့် ဗုဒ္ဓဘာသာအခြေခံ(ဆရာဖြစ်) သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီး ဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှတာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာကြီးများ၊ ဆရာမကြီးများ နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံး ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် နေပြည်တော်ကောင်စီအနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော ဦးတည်ချက်နှင့်အညီ နေပြည်တော်အတွင်း အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းများကို ပုံမှန်ဖွင့်လှစ်လျက်ရှိရာ ယခင်၂၀၂၂ ခုနှစ်အတွင်း သင်တန်းဌာန ခြောက်နေရာတွင် ကျောင်းသား ကျောင်းသူ လူငယ် ၅၃၀ ဦးတို့ တက်ရောက် သင်ကြားခဲ့ကြောင်း၊ ယခုနှစ် နွေရာသီကျောင်းပိတ်ရက် နေပြည်တော်အတွင်းရှိ သင်တန်းဌာန ကိုး နေရာတွင် ကျောင်းသား၊ ကျောင်းသူ လူငယ် ၁၀၂၄ ဦးတို့ကို မြို့နယ်သံဃနာယက အဖွဲ့များက ဦးဆောင်ဦးရွက်ပြုပြီး ဖွင့်လှစ်ပို့ချပေးမည်ဖြစ်သဖြင့် ဝမ်းမြောက်ဂုဏ်ယူဖွယ်ဖြစ်ကြောင်း ၊ သင်တန်း၏ရည်ရွယ်ချက်ကို အောင်မြင်စေရေးအတွက် သင်တန်းမှပို့ချမည့် သင်ခန်းစာများကို လေ့လာ မှတ်သားပြီး မြန်မာ့ ယဉ်ကျေးမှုအစဉ်အလာကောင်းများဖြစ်သည့် ဗုဒ္ဓစာပေသင်ကြားမှုများကို ဆက်လက် ထိန်းသိမ်းကာ မျိုးဆက်သစ်လူငယ်များ ယဉ်ကျေးလိမ္မာစေရန်၊ အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့် ရှောက်တတ်စေရန်နှင့် နိုင်ငံတော်အတွက်တန်ဖိုးမဖြတ်နိုင်သည့် ဗုဒ္ဓဘာသာမြန်မာ့ယဉ်ကျေးမှု အစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည့် လူငယ်များ ဖြစ်လာစေရန်အတွက် သင်ကြားစေလိုကြောင်း၊ ဗုဒ္ဓဘာသာဆိုင်ရာစာပေများကို သင်တန်းသားများအနေဖြင့် စနစ်တကျ လေ့လာသင်ယူပြီး အမျိုးဘာသာ၊ သာသနာကြီးပွားတိုးတက်ရေးနှင့် ယဉ်ကျေးသော လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နိုင်ပြီး နိုင်ငံနှင့် လူမျိုးအကျိုးကို သယ်ပိုးနိုင်သော နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရေးအတွက်ရည်မှန်းပြီး ကြိုးစားသင်ယူ လေ့လာဆည်းပူး ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBAမှ ဒုတိယဥက္ကဋ္ဌ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ အောင်မင်းကျော်သူက ဗုဒ္ဓဘာသာအခြေခံ(ဆရာဖြစ်) သင်တန်းနှင့်ပတ်သက်၍ သင်ကြားမည့် ဘာသာရပ်များကိုလည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်တောရကျောင်း (မြို့တော်ဝန်ကျောင်း)မှ ယဉ်ကျေးလိမ္မာသင်တန်းနည်းပြ ဆရာမကြီး ဒေါ်ခင်လင်းက သင်ကြားမည့် ဘာသာရပ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှ နာယကနှင့်တာဝန်ရှိသူများက ဗုဒ္ဓဘာသာ အခြေခံ (ဆရာဖြစ်) သင်တန်းအတွက် သင်ကြားရေးစာအုပ် ၁၅၀ အုပ်ကို နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးထံ ပေးအပ်လှူဒါန်းပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံး ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းကြသည်။

ယနေ့ဖွင့်လှစ်သည့် ယဉ်ကျေးလိမ္မာသင်တန်းကို နေပြည်တော်ကောင်စီ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းသားသမီးများနှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်း သား သမီးများ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၀ ဦးတို့အား  ဧပြီလ တစ် ရက်နေ့မှ ငါး ရက်နေ့အထိ လည်းကောင်း၊ အဘိဓမ္မာ သင်တန်းကို နေပြည်တော်ကောင်စီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းနှင့် မိသားစုဝင် စုစုပေါင်း ၄၀ ဦးတို့အား ဧပြီလ တစ် ရက်နေ့မှ ငါး ရက်နေ့အထိလည်းကောင်း၊ ဗုဒ္ဓဘာသာအခြေခံ (ဆရာဖြစ်)သင်တန်းကို နေပြည်တော်ကောင်စီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းနှင့် မိသားစုဝင် စုစုပေါင်း ၄၀ ဦးတို့အား ဧပြီလ တစ် ရက်နေ့မှ ခုနစ် ရက်နေ့အထိ လည်းကောင်း သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

ဆက်လက်၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၏ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် သားသမီးများအတွက် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီရှိ မင်္ဂလာခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌမြို့တော်ဝန် ဦးတင်ဦးလွင် တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားသည်။

ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း  YMBAမှ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင် သာယာရေးကော်မတီသို့ လှူဒါန်းသည့်အလှူငွေကျပ်သိန်း ၅၀ နှင့် ကျောက်စိမ်း ကိုးလုံး ပုတီး အကုံး ၁၀၀၀ အား ဗုဒ္ဓဘာသာကလျာဏယုဝအသင်း  YMBA အထက်မြန်မာပြည်ဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် YMBA ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်မင်းကျော်သူ တို့ကလည်းကောင်း၊ မဟာမင်္ဂလဓမ္မဇောတိကဓဇ  မင်္ဂလဓမ္မဇောတိကဓဇ ဒေါက်တာ စိုးသိန်းနှင့် ဒေါ်ခင်ချိုအုန်းမိသားစုမှ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီသို့ အလှူငွေကျပ်သိန်း ၆၀ အား အသီးသီးလှူဒါန်းကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးက လက်ခံသည်။

အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းသို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများ၏ သားသမီးကျောင်းသားကျောင်းသူများအနက်  Grade 3 မှ Grade 5 အထိ အခြေခံပညာမူလတန်း အဆင့် ကျောင်းသား၊ကျောင်းသူ ၆၃ ဦးနှင့် Grade 6 မှ Grade 8 အထိ အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ  ၄၀ ဦး၊ စုစုပေါင်း  ၁၀၃  ဦး တက်ရောက်ကြပြီး ဧပြီလ တစ် ရက်နေ့မှ ငါး ရက်နေ့အထိ ငါး ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)