ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာ(၄)ရွာ၌ အိမ်တိုင်ရာရောက် စုပေါင်းရေပေးရေးဖွင့်ပွဲ ကျင်းပ

ဆီဆိုင် ဧပြီ    ၁      

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ အတွင်းရှိ ကျေးရွာများတွင် နွေရာသီရေပြတ်လပ်မှုမရှိစေရေးနှင့် ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာရရှိသုံးစွဲနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ရေပေးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ ကျေးရွာ(၄)ရွာသို့ အိမ်တိုင်ရာရောက် စုပေါင်းရေပေးရေး ဖွင့်ပွဲကို  ယမန်နေ့ နံနက် ၁၀ နာရီက တောင်ရှေ့ကျေးရွာအုပ်စု၊ ထီဆုံ(ပေါ်)ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ(နည်းပညာ) ဒေါ်လှဝိုင်းနွယ်က အမှာစကားပြောကြားပြီး ဒေသခံရပ်မိရပ်ဖတစ်ဦးက ရေပေးရေးလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ဦးစီးအရာရှိ(နည်းပညာ)နှင့် တာဝန်ရှိသူတို့က ကျေးရွာ(၄)ရွာ အိမ်တိုင်ရာရောက် စုပေါင်းရေပေးရေးလုပ်ငန်းကို  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

အဆိုပါ ရေပေးရေးလုပ်ငန်းတွင် တောင်ရှေ့ကျေးရွာအုပ်စု၊ ခိုရိုင်းကျေးရွာ၊ ထီဆုံ(ပေါ်)ကျေးရွာ၊ ထီဆုံ(အောက်)ကျေးရွာနှင့် ပန်အောင်းကျေးရွာတို့အတွက် ရေစက်ရုံ၊ ဂါလံ(၁၀၀၀၀)ဆန့်ရေစုကန် တစ်ကန်၊ ၂ လက်မ GI ရေတင်ပိုက်လိုင်း(၁/၃)မိုင်၊ ဂါလံ(၂၀၀၀၀)ဆန့်ရေစုကန် တစ်ကန်၊ ၂ လက်မ ၁.၅ လက်မ PVC ကျေးရွာဖြန့်ဝေလိုင်း(၁/၃.၈)မိုင်နှင့် ဂါလံ(၃၀၀၀)ဆန့်ရေစုကန် တစ်ကန် လုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုထောက်ပံ့ရန်ပုံငွေ (၈၅.၃၂)ကျပ်သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး အိမ်ခြေ (၃၀၅)အိမ်၊ လူဦးရေ(၁၅၆၃)ဦးတို့သည် ရာသီမရွေး သန့်ရှင်းသော သောက်သုံးရေကို ဖူလုံစွာရရှိနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မျိုးမြတ်(ဆီဆိုင်)