လှည်းကူး ဧပြီ ၁
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာနေပြည်သူများ လိုအပ်သော အရင်းအနှီးရရှိစေရန်၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန်ရည်ရွယ်၍ ၊မြစိမ်းရောင်ရန်ပုံငွေ (သတ္တမ)နှစ်စက်ဝန်း အတွက်ချေးငွေထုတ် ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဒါးပိန်တောင်ကျေးရွာအုပ်စု၊ ရွှေတောင်ပန်ကျေးရွာတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ ချေးငွေထုတ်တွင် ရွှေတောင်ပန်ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က အမှာစကား ပြောကြားသည်။ ထို့နောက် လုပ်ငန်း အမျိုးအစား ငါးမျိုးခွဲခြား၍ ချေးငွေအောင်သူ အသင်းသား (၂၆၃) ဦး သို့ စုစုပေါင်းငွေကျပ်(၄၄၄၅၀၀၀၀)သိန်းအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ကြီးကြပ်၍ ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့၀င် ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များက စနစ်တကျ နေ့ချင်းပြီး ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ရွှေတောင်ပန်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းကို ၂၀၁၈ခုနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင် ချေးငွေကျပ် (၁၀၀)လျှင် အတိုးတစ်လ၊တစ်ကျပ်နှုန်းဖြင့်၊ ခြောက်လပြည့်အတိုးဆပ်၊ တစ်နှစ်ပြည့်၊အတိုးအရင်းဆပ်စနစ်ဖြင့် ပြန်လည်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)