ကျောက်ဆည်မြို့နယ်တွင် ငရုပ်စိုက်(၂၀၈)ဧက စိုက်ပျိုးပြီးဖြစ်

ကျောက်ဆည် ဧပြီ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နယ်မြေဒေသအလိုက် ငရုပ်သီးနှံများ  စိုက်ပျိုးလျက်ရှိရာ  (၂ဝ၈) ဧကစိုက်ပျိုးပြီးစီးဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရှိရသည်။

ငရုပ်သီးနှံများအား ဒါန်းတိုင်၊ ရန်ဘက်လို၊ ပေတော၊ ဘုံကွင်း၊ စင်းကွန်းကျေးရွာအုပ်စုများတွင် (၁၃၃)ဧက၊ လက်ပန်ပင်၊ မယ်ဇယ်ပင်၊ တံစိုး၊ သူငယ်တော်၊ ပွတ္တိုင်၊ မြောင်းဦး၊ အနောက်သာဂရ၊ ရွာပုလဲ၊ ကတဲ၊ ပနံ ကျေးရွာအုပ်စုများတွင် (၅၂)ဧက၊ မင်းစု၊ စပယ်တော၊ ရွှေအင်း၊ လေးဆယ်ကုန်း၊ တောတွင်၊ မြေစိုပယ် ကျေးရွာအုပ်စုများတွင် (၂၃)ဧက စုစုပေါင်း(၂၀၈)  စိုက်ပျိုးပြီးကြောင်းနှင့် ငရုပ်သီးနှံသည် ဈေးကွက်ကောင်းရရှိသဖြင့် အခြားကျေးရွာအုပ်စုများတွင် ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း  သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် (၆၉၂)ငရုပ်မျိုးများ အဓိကစိုက်ပျိုးကြပြီး စိုက်ရာတွင် တောင်သူများ အနေဖြင့် စိုက်ပျိုးနိုင်သည့်မြေ အနေအထားနှင့် ဈေးကွက်ရရှိရေး သီတင်းကျွတ်လမှ စတင်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် အစိုစိုက်(ရေသွင်းစိုက်ပျိုးခြင်း)နှင့် အခြောက်စိုက် (ထယ်ရေးပြင်ထားသည့်မြေတွင် မြေကျင်းတူး၍ ရေလောင်း စိုက်ပျိုးခြင်း) ဟူ၍ အမျိုးမျိုးစိုက်ပျိုးကြကြောင်း ငရုပ်သီးနှံတစ်ဧက ပျိုးထောင်စိုက်ပျိုးမည်ဆိုပါက မျိုးထုပ်(၁၅) ထုပ် ခန့် ပျိုးထောင်ရကြောင်း ကုန်ကျစရိတ်အနေဖြင့် မြေပြင်သည်မှစ၍ အခင်းပျက်သိမ်းသည်အထိ ငွေကျပ်သိန်း (၃၀)မှ (၃၂)သိန်းခန့် ကုန်ကျစရိတ်ရှိကြောင်း ဈေးကွက်ကောင်းပါက  အသီးအစိမ်း ခူးဆွတ်ရောင်းချပြီး ထွက်နှုန်းအနေဖြင့်  အသီးမှည့် အခြောက်လှန်းရောင်းချမည်ဆိုပါက တစ်ဧက တင်းပေါင်း (၃၀၀)မှ(၅၀၀)အထိ ထွက်ရှိကြောင်း ဒါန်းတိုင် ကျေးရွာမှ ဦးမင်းနိုင်က ပြောပြသည်။

သက်မောင်(ကျောက်ဆည်)