ရန်ကုန် ဧပြီ ၁
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် အဆင့်မြင့် ယဉ်ကျေးမှုသင်တန်း အမှတ်စဉ်(၈) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် စေတီတော်ရင်ပြင်အရှေ့ဘက်ရှိ ရေကြည်တော်ဝတ်အသင်းတန်ဆောင်း၌ ကျင်းပသည်။
ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိဦးသိန်းထွဋ်မောင်က သင်တန်းပြီးမြောက်အောင်မြင်မှု ဝမ်းမြောက်ကြောင်းပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြ မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာကြီး ဦးဟန်က သင်တန်းသင်ကြားပြီးစီးမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က သင်တန်းနည်းပြ ဆရာကြီးနှင့် ဆရာမကြီးတို့ကို ဂါရဝပြု လက်ဆောင်များ ပေးအပ်ပြီး ဆုရရှိသော သင်တန်းသားများကို ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ကြသည်။
ထို့နောက် သင်တန်းသားများ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ သင်တန်းကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ရုံးဝန်ထမ်းများက စေတီတော်ကြီး၏ ဝေယျာဝစ္စလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့်အညီ ဆောင်ရွက်နိုင်စေရန်နှင့် အများပြည်သူနှင့် ဆက်ဆံပြောဆိုရာတွင် ကိုယ်၊ နှုတ်၊ နှလုံးယဉ်ကျေးသိမ်မွေ့စေရန် ရည်ရွယ်၍ မတ်၂၀ ရက်မှ ၃၁ ရက်အထိ ဖွင့်လှစ်သင်ကြားပို့ချခဲ့ရာ သင်တန်းသား သင်တန်းသူ ၂၉ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)